DVB Logo
Home
မြန်မာသတင်း
သြစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီ ဗြိတိန်ပိတ်ဆို့အရေးယူမှုကို ချိုးဖောက်
DVB
·
November 21, 2023
သြစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီ ဗြိတိန်ပိတ်ဆို့အရေးယူမှုကို ချိုးဖောက်
Donate to DVB

မြန်မာနိုင်ငံမှာ သြစတြေးလျနိုင်ငံနဲ့ ချိတ်ဆက်ထားတဲ့ သတ္တုတူးဖော်ရေးကုမ္ပဏီက ဗြိတိန်နိုင်ငံရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်နေတယ်လို့ Justice For Myanmar အဖွဲ့က ကြေညာပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ REDRESS၊ Justice For Myanmar အဖွဲ့နဲ့ Australian Centre for International Justice တို့က နိုဝင်ဘာ ၂၀ ရက်မှာ British Virgin Islands အုပ်ချုပ်ရေးမှူးနဲ့ ယူကေရဲ့ ငွေကြေးဆိုင်ရာ ဒဏ်ခတ် အရေးယူမှုအကောင်အထည်ဖော်ရေးရုံးဆီ အထောက်အထား စာရွက်စာတမ်းတွေ တင်သွင်းခဲ့ပြီး  Cornerstone Resources (Myanmar)ကုမ္ပဏီကို စုံစမ်းစစ်ဆေးမှုတွေ ဖွင့်လှစ် ဆောင်ရွက်ဖို့ တောင်းဆိုလိုက်တာပါ။

တင်သွင်းခဲ့တဲ့ စာရွက်စာတမ်းတွေထဲမှာတော့ Cornerstone Resources (Myanmar) ရဲ့ စီးပွားရေးလုပ်ငန်းတွေအပြင် သူတို့နဲ့ စစ်တပ်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကြား ဘဏ္ဍာရေး အပေးအယူဆိုင်ရာ ပေါက်ကြားလာတဲ့ အထောက်အထားတွေနဲ့ သုတေသနအချက်အလက်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

Justice For Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Cornerstone Resources နဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ UK ရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဖောက်ဖျက်ကြောင်း ထင်ရှားနေပြီး လူသတ် အကြမ်းဖက် စစ်အုပ်စုနဲ့  စစ်ရာဇ၀တ်ကောင်တွေကို ကြွယ်ဝစေမယ့် အကျင့်ပျက်လုပ်ငန်းစုကို ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီဖြစ်တယ်။ ဩစတြေးလျဟာ စစ်အုပ်စု တရားမဝင် ထိန်းချုပ်ထားတဲ့ မြန်မာ့ သတ္တုတွင်းလုပ်ငန်းကို စီးပွားရေးပိတ်ဆို့အရေးယူဖို့ ပျက်ကွက်မှုက မြန်မာနိုင်ငံမှာ Cornerstone ရဲ့ လက်ရှိလုပ်ငန်းတွေ ဆက်လုပ်ခွင့်ရရှိစေပြီး မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာအသုံးပြုဖို့ ဘဏ္ဍာငွေတွေ ရရှိစေခဲ့ပါတယ်။ ဩစတြေးလျအနေနဲ့ အကြောင်းပြချက် မျိုးစုံပေးနေတာကို ရပ်တန့်ပြီး နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေအပါအဝင် စစ်အုပ်စုရဲ့ ဘဏ္ဍာရေးနဲ့ လက်နက်အရင်းအမြစ်တွေကို ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်” လို့ထုတ်ပြန် ပြောပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ MEC ဆီ zinc သတ္တုရောင်းချမှုနဲ့ MEC ဆီကနေ ကျောက်မီး သွေးဝယ်ယူမှုတို့ အပါအ၀င် ၂၀၂၁ ခုနှစ် အောက်တိုဘာ ကနေ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း မြန်မာငွေ ကျပ် ၁,၉၇၁,၂၃၆,၄၈၃ (ပေါင် ၇၇၀,၀၀၀ သို့မဟုတ် သြစတြေးလျ ဒေါ်လာ ၁ ဒသမ ၃၃ သန်း) ရှိခဲ့ပြီးတော့ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်မှာ ချမှတ်ခဲ့တဲ့ MEC အပေါ် ယူကေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လိုက်နာရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုမ္ပဏီကို အရေးယူတဲ့အနေနဲ့ လျော်ကြေးဒဏ်ငွေ ချမှတ်သင့်ကြောင်းနဲ့ အဆိုပါလျော်ကြေးငွေတွေကို မြန်မာစစ်အုပ်စုကြောင့် အတိဒုက္ခ ရောက်နေကြရတဲ့ ပြည်သူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ တခြားလူမှုရေးဝန်ဆောင်မှုတွေကို လက်လှမ်းမီ ရရှိရေးအတွက် အသုံးပြုသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

REDRESS ရဲ့ ဒါရိုက်တာ ရူးပတ်စကီဘက်ခ်ကတော့ "ယူကေရဲ့ တရားဥပဒေ စိုးမိုးရေးအေဂျင်စီတွေဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ခြင်းအတွက် သိသာထင်ရှားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြစ်ဒဏ်တွေ ချမှတ်နိုင်ပါတယ်။ အဲဒီဒဏ်ခတ်ပိတ်ဆို့မှုတွေကနေ ထိခိုက်ခံစားခဲ့ရသူ ဒုက္ခသည်တွေအတွက် လျော်ကြေး ပေးဆောင်ခြင်းအနေနဲ့ သုံးနိုင်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ဖို့ ပြဋ္ဌာန်းတဲ့ နေရာမှာ အလွန်နှေးကွေး လေးလံပြီး တခြားအသုံးပြုမှုတွေအတွက်လည်း ဒဏ်ငွေတွေချမှတ်ဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနကို ညွှန်ကြားထားပါတယ်။ ယူကေ အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် ဟန့်တားဖို့အတွက် စီးပွားရေးပိတ်ဆို့မှုတွေကို တိတိကျ ကျဆောင်ရွက်ဖို့နဲ့ ဒုက္ခသည်တွေအတွက် ရန်ပုံငွေအသုံးပြုနိုင်ရေး သေချာစေဖို့ ယူကေနဲ့ နိုင်ငံရပ်ခြားပိုင်နက်နယ်မြေတွေမှာပါ အရေးတကြီး လုပ်ဆောင်ရပါမယ်” လို့ ပြောပါတယ်။

Cornerstone Resources (Myanmar)ကုမ္ပဏီရဲ့ မြန်မာစီးပွားရေးလုပ်ငန်း ကို British Virgin Island က မိခင်ကုမ္ပဏီက ပိုင်ဆိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ကုမ္ပဏီ မှတ်ပုံတင်ခြင်းက ဖျက်သိမ်းခဲ့ပါတယ်။

မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်တွေ ရယူခြင်းအပေါ် ကန့်သတ်လိုက်တာကြောင့် Cornerstone Resources (Myanmar) ရဲ့ လက်ရှိ ဒါရိုက်တာတွေနဲ့ အစုရှယ်ယာရှင်တွေကို အတည်ပြုနိုင်ခဲ့ခြင်း မရှိသေးဘဲ ကုမ္ပဏီမှာ သြစတြေးလျ ဒါရိုက်တာ တယောက်နဲ့ သြစတြေးလျ အစုရှယ်ယာရှင်တွေ ပါဝင်နေကာ လုပ်ငန်းအတွက် သြစတြေးလျလိပ်စာကို အသုံးပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013