
ရခိုင်ပြည် ပေါက်တောမြို့ထဲမှာ ရပ်ကွက်အလိုက် ပိတ်မိနေသူတွေ အများအပြားရှိနေသေးပြီး ဒီလိုကျန်ရှိနေသူတွေဟာ ပေါက်တောမြို့ပေါ်ကနေ ထွက်ခွာခွင့်ရဖို့ကို တောင်းဆိုနေကြပါတယ်။
ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ညက သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်း နိုဝင်ဘာ ၁၆ ရက်မှာ စစ်ကောင်စီကနေ ပေါက်တောမြို့ကို လေကြောင်း၊ ရေကြောင်း အသုံးပြုတိုက်ခိုက်ခဲ့ရာကနေ မြို့ခံတွေအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ထွက်ပြေးတိမ်းရှောင်သူတွေအပြင် အခြေနေအရ မြို့ထဲမှာပိတ်မိကျန်နေခဲ့သူတွေလည်း အများအပြားရှိနေပြီး လက်ရှိမှာ နေအိမ်ကတောင် အပြင်ထွက်ခွင့်မရဘူးလို့ ပေါက်တောမြို့ထဲ ပိတ်မိနေသူတဦးက ပြောပါတယ်။
“ရပ်ကွက်တိုင်းမှာ ပိတ်မိကျန်ခဲ့တဲ့ မိသားစုဝင်တွေ အများကြီးကျန်နေပါသေးတယ်။ အပြင်လည်း မထွက်ရပါဘူး၊ ထွက်ရင်အပစ်ခံရမှာ ကြောက်တယ်။ ပြောချင်တာကတော့ ဒီကနေ အမြန်ဆုံးခေါ်ထုတ်ပေးဖို့ပါ၊ တခြားဟာတွေ မလိုပါဘူး။”
ပေါက်တောမြို့ထဲမှာ လက်ရှိပိတ်မိနေသူတွေအပြင် စစ်ကောင်စီထံ ဖမ်းဆီးခံထားရသူတွေလည်းရှိနေပြီး သူတို့ကို ဘုရားကြီးတောင်ထိပ်နဲ့ စိုက်ပျိုးရေးရုံးမှာ အသီးသီး ဖမ်းဆီးထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်ကနေ ပေါက်တောမြို့ပေါ်က ဘုရားကြီးတောင်ပေါ်နဲ့ မြို့ရဲ့နေရာအနှံ့မှာ နေရာယူထားကြဆဲဖြစ်ပြီး ပိတ်မိကျန်ခဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ နာမကျန်းသူတွေ အများဆုံးပါဝင်တယ်လို့ ပေါက်တောမြို့ကနေ ထွက်ပြေးလွတ်မြောက်လာသူတဦးက ပြောပါတယ်။
“အခြေနေက ရုတ်တရက်ကြီးဖြစ်သွားတာဆိုတော့ မြို့ထဲ အများကြီးပိတ်မိကျန်ခဲ့တယ်။ မြို့ထဲကထွက်မလာခင် လေဖြတ်နေသူတွေ သက်ကြီးရွယ်အိုတွေကို လုံခြုံတဲ့တနေရာကို ပြောင်းရွှေ့ပေးခဲ့တာတွေလည်းရှိပါတယ်။ အဲ့လိုလူတွေက မြို့ထဲမှာ အများဆုံးကျန်ခဲ့တာပါ။ ဖြစ်ချင်တာကတော့ သူတို့ကို တဖွဲ့ဖွဲ့ကနေ ကူညီကယ်ထုတ်ခွင့်ရဖို့ပါ။”
ပေါက်တောမြို့ကို စစ်ကောင်စီကနေ လျှပ်စစ်မီးအပါအဝင် အလုံးစုံဖြတ်တောက်ထားပြီး ညအချိန်ပစ်ခတ်တာတွေလည်း ပြုလုပ်တဲ့အတွက် မြို့ထဲပိတ်မိနေသူတွေအနေနဲ့ ကြောက်လန့်စွာ နေထိုင်နေကြရတာကြောင့် အမြန်ဆုံးအပြင်ထွက်ခွင့်ရဖို့ကို လိုလားနေကြပါတယ်။
ဒါ့အပြင် ပေါက်တောမြို့ပေါ်နဲ့ နယ်ဘက်တွေကနေ ဘေးလွတ်ရာကို ထွက်ပြေးနေကြတဲ့ သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာလည်း စားသောက်နေထိုင်ရေး အကူညီတွေလိုအပ်နေပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မှာ ပိတ်မိနေကြတဲ့ တက္ကသိုလ် ကျောင်းသား/ကျောင်သူ ၂၀၀ လောက်နဲ့ ဆရာ/ဆရာမ ၁၃၀ ကျော်တို့ နိုဝင်ဘာ ၂၀ ရက် မနက် ၁၁ နာရီကျော်က မောင်တောမြို့ကို ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာကြပြီလို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
"မနေ့ကတဲ့ ခွင့်ပြုချက်ရထားတာ။ ညမိုးချုပ်သွားလို့ သွားခွင့်မရခဲ့ကြဘူး။ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ ကားတွေက ရှေ့ပြေးနေရာယူပြီး ကား ၁၀ စီးနဲ့ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ ဘူးသီးတောင်ကစထွက်လာကြတာ" လို့ မောင်တောမြို့ခံတဦးက အတည်ပြုပြောပါတယ်။
မောင်တောမြို့နယ်ကနေ စစ်တွေမှာ အဝေးသင်သွားတက်တဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ စနစ်သစ်သင်ရိုး သင်တန်းသွားတက်ပြီး ပြန်လာကြတဲ့ ဆရာ/ဆရာမ ဘူးသီးတောင်မြို့မှာ ပိတ်မိနေတာပါ။
"ကျနော်တို့ကျောင်းသားတွေကို စစ်တပ်က ဘူးသီးတောင်အတက် အမြန်ရေယာဥ်ဆိပ်မှာလည်း စစ်တယ်။ မောင်တောကိုလာတဲ့အခါ ဗျူဟာ ဂိတ် နဲ့ ၂၃၆ တပ်ရင်းတွေမှာ အသေးစိတ် စစ်ဆေးခံကြရတယ်" လို့ အဝေးသင်ကျောင်းသားတဦးက ပြောတယ်။
ပြန်ရောက်လာတဲ့ ဆရာ/ဆရာမတွေနဲ့ ကျောင်းသူ/ကျောင်းသားတွေကို ရပ်ကွက်/ကျေးရွာအလိုက် စာရင်းကောက်ယူပြီး သူတို့နေထိုင်ရာ ကျေးရွာရပ်ကွက်တွေကို ပို့ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
ရခိုင်ပြည်နည်၊ စစ်တွေမြို့ အမြင့်ကျွန်း(ခ) မင်းချောင်းတံတားအနီးမှာ နိုဝင်ဘာ ၂၀ ရက် ည ၁၀ နာရီကျော်က အသံမိုင်းဖောက်ခွဲမှုတခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မိုင်းက အသံမိုင်းပါ ဘာထိခိုက်မူမှမရှိပါဘူး။ တံတား အဆင်းဘက်က ဝါး နဲ့ အုန်တွေ ရောင်းချနေတဲ့ဘက်မှာ ပေါက်ကွဲတာ" လို့ ဒေသခံတဦးက ပြောပါတယ်။
အသံမိုင်းအား စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားဖောက်ခွဲလိုက်တာလို့ ဒေသခံတွေက ဆိုပါတယ်။
"ရခိုင်တပြည်နယ်လုံးလမ်းတွေကို စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ထားတာလေ။ စစ်တွေမြို့အဝင် တပ်ထိန်းဂိတ်ပါပိတ်ထားတာ။ အခုက စစ်တွေမြို့နယ် အမြင့်ကျွန်းတံတား အဆင်းမှာ စစ်ကောင်စီက တပ်စွဲဖို့ ကြိုးနေတဲအတွက် အသံမိုင်းဖောက်ပြီး ပြည်သူတွေကိုထိန့်လန့်စေဖို့ ရည်ရွယ်ချက်ရှိရှိလုပ်ကြံကြတာ။"
လက်ရှိမှာ စစ်ကောင်စီတပ်တွေကို ရက္ခိုင်တပ်တော် (အေအေ) ဘက်က စတင်တိုက်ခိုက်လာတဲ့ ထိုးစစ်အား ခံစစ်အနေအထားနဲ့ ခုခံနေရပြီး အေအေ အပေါ်အမုန်းတရားတွေ ဖြစ်လာအောင် ဖန်တီးလာနေတယ်လို့ ရခိုင်စစ်ရေး နဲ့ နိုင်ငံရေးလေလာသူတွေက ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့အဝင် အမြင့်ကျွန်းကျေးရွာရှိ မင်းချောင်းတံတားအဆင်းမှာ စစ်ကောင်စီစစ်ကြောင်းတခုကို ရက္ခိုင့်တပ်တော်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။










