
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ နိုဝင်ဘာ ၁၉ ရက် ညပိုင်းက ဒေသခံပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ မြို့ခံဆီကနေ သိရပါတယ်။
စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက် စေတီပြင်ဘုန်းကြီးကျောင်းနားမှာ နိုဝင်ဘာလ ၁၉ ရက် ည ၈ နာရီကျော်လောက်က စစ်ကောင်စီတပ်သားတွေရောက်လာပြီး အသက် ၂၇ နှစ်အရွယ် ကိုသိန်းဇော်ကို ဖမ်းဆီးသွားတယ်လို့ စစ်တွေမြို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါ့အပြင် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက လူငယ် ၄ ယောက်ကိုလည်း နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်းမှာ စေတီပြင်ဘုန်းကြီးကျောင်းကို ဝင်ရောက်မွှေနှောက်ကာ စစ်ဆေးမေးမြန်းခဲ့တယ်လို့လည်းသိရပါတယ်။
စစ်တွေမြို့မှာ နိုဝင်ဘာ ၁၇ ရက် ညပိုင်းမှာလည်း အဝေးသင်တက္ကသိုလ်ကျောင်းသားတယောက်နဲ့ ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်သားတွေ လာရောက်ဖမ်းဆီးသွားကြတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဖမ်းဆီးခံရသူတွေ လက်ရှိဘယ်မှာ ထိန်းသိမ်းခံနေရတယ်ဆိုတာနဲ့ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။