DVB Logo
Home
မြန်မာသတင်း
Non CDM ဝန်ထမ်းများ သွားလာနေထိုင်ရာ၌ လုံခြုံရေးဂရုပြုရန် ဒုဝန်ကြီး သတိပေး
DVB
·
November 20, 2023
Non CDM ဝန်ထမ်းများ သွားလာနေထိုင်ရာ၌ လုံခြုံရေးဂရုပြုရန် ဒုဝန်ကြီး သတိပေး
Donate to DVB

Non CDM ဝန်ထမ်းတွေအနေနဲ့  သွားလာနေထိုင်ရာမှာ လုံခြုံရေးဂရုပြုဖို့ စစ်တပ်အရာရှိဟောင်း  စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းရှိန်က သတိပေးပြောကြားပါတယ်။

မန္တလေးနဲ့ ပြင်ဦးလွင်မြို့တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အလုပ်သမားဝန်ကြီးဌာန လက်အောက်က ဝန်ထမ်းတွေနဲ့ တွေ့ဆုံရာမှာ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို ဦးဝင်းရှိန်က ပြောသွားတာ ဖြစ်ပါတယ်။

တိုင်းဒေသကြီးတာဝန်ခံ၊ မြို့နယ်ရုံးခွဲတာဝန်ခံတွေအနေနဲ့ မိမိတို့ရဲ့ ရုံးတွေ လုံခြုံရေး စနစ်တကျရှိစေရေး ကြပ်မတ်ကွပ်ကဲဆောင်ရွက်ဖို့၊ အရေးကြီးစာရွက်စာတမ်းတွေ၊ ရုံးသုံးပစ္စည်းတွေကို လုံခြုံမှုအဆင့်အတန်းနဲ့ ဦးစားပေးအဆင့်အတန်းတွေ သေချာ သတ်မှတ်ထားရှိဖို့ မှာကြားခဲ့တယ်လို့ အဲဒီဝန်ကြီးဌာနက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဝန်ထမ်းတွေ သွားလာနေထိုင်မှုတို့မှာ လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ကြဖို့၊ နယ်မြေအခြေအနေနဲ့ပတ်သက်ပြီး ထူးခြားဖြစ်စဉ်တွေကို အချိန်နဲ့တပြေးညီ တာဝန်ရှိသူ အဆင့်ဆင့်ဆီ သတင်းပေးပို့ကြဖို့ကိုလည်း ဦးဝင်းရှိန်က တိုက်တွန်းပါတယ်။

မန္တလေးတိုင်းက အလုပ်သမားဝန်ကြီးဌာနဝန်ထမ်းတဦးက “စစ်ရေး မတည်မငြိမ် အခြေအနေရှိနေတော့ အရေးတကြီး လာတွေ့ပြီး သတိပေးတဲ့သဘောပဲ။ ဝန်ထမ်းတွေကတော့ အခြေအနေမကောင်းရင် ပြေးဖို့ပြင်ထားပြီးသား”လို့ ပြောပါတယ်။

အလုပ်သမားဝန်ထမ်းတွေနဲ့ တွေ့ဆုံရာမှာ ပါတီနိုင်ငံရေး ကင်းဖို့၊ စစ်ကောင်စီရဲ့ လုပ်ငန်းစဥ်နဲ့ ဦးတည်ချက်တွေကို ကျရာနေရာကနေ အောင်မြင်အောင်လုပ်ကြဖို့ကိုလည်း ဦးဝင်းရှိန်က ပြောပါတယ်။

စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်မြို့ဟာ မြောက်ပိုင်းတိုင်းရင်းသားမဟာမိတ်နဲ့ PDF တွေ စစ်ကြောင်း ဦးတည်နေတဲ့နေရာ ဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့ အင်အားအပြည့်နဲ့ ခံစစ်ပြင်ထားရာ နေရာလည်း ဖြစ်ပါတယ်။

စစ်သင်တန်းဆင်းထားတဲ့ နိုင်ငံဝန်ထမ်းတွေကို လိုအပ်ရင် အသုံးပြုဖို့ တပ်ဖွဲ့စည်းပြင်ဆင်ထားဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေထံကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အလားတူ မန္တလေးတိုင်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်ဆိုပြီး တော်လှန်ရေး အင်အားစုတွေက ကြေညာထားတာကြောင့် စစ်တပ်ဘက်က လုံခြုံရေးပိုမို တင်ကျပ်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်သမားဝန်ကြီးဌာနက ဝန်ထမ်းအများအပြားဟာ CDM လုပ်သွားခဲ့တာကြောင့် အခုအချိန်အထိ အဲဒီဝန်ကြီးဌာနမှာ ဝန်ထမ်းအင်အား မလုံလောက်မှုနဲ့ ကြုံနေရတယ်လို့ ဌာနအတွင်းသတင်းရင်းမြစ်ကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013