Home
မြန်မာသတင်း
လောက်ကိုင်တွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်
DVB
·
November 20, 2023

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ဒေသရှိ၊ လောက်ကိုင်မြို့ကို အသွားအလာပိတ်ဆို့ထားလို့ ကုန်ဈေးနှုန်းတွေအဆတန်များလာကြောင့် မြို့ပေါ်မှာ ပိတ်မိနေတဲ့ ပြည်သူတွေ စားဝတ်နေရေးအတွက်  အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

လောက်ကိုင်မြို့နေ ပြည်သူတွေကို နိုဝင်ဘာ ၁ ရက်ကနေ ၇ ရက်အထိ လမ်းဖွင့်ပေးခဲ့ပေမဲ့ လမ်းခရီးမှာ တိုက်ပွဲဖြစ်ပွားတာကြောင့် မြို့ထဲကနေ ပြန်မထွက်နိုင်ဘဲ ပိတ်မိနေဆဲဖြစ်သလို လုပ်ငန်းတွေ ရပ်နားသွားတာကြောင့် လုပ်ခလစာမရတဲ့ အခြေအနေမှာ အခြေခံစားသောက်ကုန်တွေ ဈေးမြင့်မားလာတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ လောက်ကိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းကတော့ ပြန်ကြတဲ့သူတွေ ရှိတယ်။ အဲဒါနဲ့ ပြန်ဖို့လုပ်သေးတယ်၊ အရင်ပြန်တဲ့လူတွေက ပြန်လှည့်လာကြတယ်။ တိုက်ပွဲတွေဖြစ်လို့ဆိုပြီး လမ်းလည်း ပြန်ပိတ်သွားတယ်။ အဲဒီလိုနဲ့ မပြန်နိုင်ဘူးဖြစ်နေတာ၊ ဒီမှာရှိတဲ့ အလုပ်တွေ အားလုံးလည်း ပိတ်၊ ကျနော် လုပ်တဲ့ အလုပ်လည်းပိတ်ဆိုတော့ လခလည်းမရတော့ဘူး၊ နေဖို့ကတော့ အလုပ်မှာ နေထားခိုင်းသေးလို့ တော်သေးတယ်။ ဒါပေမဲ့ လစာက မရ ကုန်ဈေးနှုန်းက အဆတစ်ရာလောက်ပြန်တက်ဆိုတော့ ထမင်းတောင် မဝယ်စားနိုင်တော့ဘူး၊ မြေကြီးတောင် စားကျင့်ထားရမလိုဖြစ်နေပြီး။ ထမင်းစားရတာကလည်း နှစ်ရက်မှာ တခေါက်လောက်ပဲ ရတာ စားနေရတာ၊ ဒီအချိန် ငါးပိနဲ့ ထမင်စားနိုင်ရင်တောင် ဟုတ်လှပြီ။”

လောက်ကိုင်မြို့ပေါ်မှာ ဓာတ်ဆီ ၁ ဂါလန်ကို မြန်မာငွေ ကျပ်  ၃ သိန်းဝန်းကျင်ရှိနေပြီးတော့ ဆန် ၁ အိတ်ကို မြန်မာငွေ ကျပ်  ၈ သိန်းဝန်းကျင်ရှိနေသလို ငွေကြေးရှိပေမဲ့ စားသောက်ကုန်တွေကို လိုအပ်သလောက်ဝယ်ယူနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

လောက်ကိုင်မြို့မှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ပြည်သူအများစုကလည်း အလုပ်တွေ ပိတ်လိုက်တာကြောင့် နေစရာ နေရာမရှိဘဲ လမ်းဘေးတွေမှာ အဆင်ပြေသလို တဲထိုးပြီးနေထိုင်နေရသလို အစားအသောက် အခက်အဖြစ်နေကြတယ်လို့  အလုပ်သမား တယောက်က ပြောပါတယ်။

“အခုဒုက္ခရောက်တဲ့သူတွေ အများစုကတော့ ဒီမှာ အလုပ်လာလုပ်တဲ့သူတွေများတယ်၊ အလုပ်တွေပိတ်လိုက်တော့ နေရာမရှိလို့ လမ်းဘေးမှာ တဲထိုးပြီးနေတဲ့ သူတွေက အများကြီးပဲ၊ လမ်းဘေးတွေမှာ ထမင်းတွေလည်း ကောင်းကောင်းမစားရဘူး၊ လာကျွေးတဲ့သူတွေရှိမှ စားရတာတွေ ရှိတယ်၊ ဘူးကောက်တာတွေ ရသလောက် ရှာစားနေတာတွေရှိတယ်၊ တချို့ဆိုရင် ရူးသလို စိတ်ကယောင်ချောက်ချားဖြစ်တာတွေကော ရှိတယ်၊ တော်တော်ဒုက္ခရောက်နေတယ်။”

လက်ရှိ လောက်ကိုင်မြို့မှာ မြို့မှာရှိတဲ့ လူဦးရေရဲ့ သုံးပုံတစ်ပုံက လမ်းဘေးတွေမှာ နေထိုင်နေရတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ ပြည်သူတွေ မြန်မာအလုပ်သမားတွေအပြင်  ထိုင်း၊ တရုတ်၊ ဗီယက်နမ်နဲ့ ရုရှားနိုင်ငံသားတွေလည်း ပိတ်မိနေတာတွေရှိတယ်လို့ သိရပါတယ်။ လက်ရှိ‌ လောက်ကိုင်မြို့ကို လျှပ်စစ်မီးနဲ့ တရုတ် အင်တာနက်လိုင်းတွေကိုလည်း ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

လောက်ကိုင်မြို့က ပြည်သူတွေ ပြန်ထွက်နိင်ဖို့ အတွက် နိုဝင်ဘာလကုန်ပိုင်းမှာ လမ်းပြန်ဖွင့်ပေးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024