DVB Logo
Home
မြန်မာသတင်း
ထွက်ပြေးဗိုလ်မှူးနှင့် ဗိုလ်ကြီးအပါအဝင် ၂၉ ဦးကို အိန္ဒိယက မြန်မာဘက် ပြန်ပို့
DVB
·
November 20, 2023
ထွက်ပြေးဗိုလ်မှူးနှင့် ဗိုလ်ကြီးအပါအဝင် ၂၉ ဦးကို အိန္ဒိယက မြန်မာဘက် ပြန်ပို့
Donate to DVB

မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်က ဗိုလ်မှူးတယောက်နဲ့ ဗိုလ်ကြီးတယောက်အပါအဝင် တပ်ဖွဲ့ဝင် ၂၉ ယောက်ကို ၃ ရက်အကြာမှာ သက်ဆိုင်ရာ အိန္ဒိယ အာဏာပိုင်တွေက မြန်မာနိုင်ငံကို ပြန်ပို့လိုက်ပြီလို့ The Statesman သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က  ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်ကျေးရွာက သီးဘွာလ် စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ပြီးနောက် အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ မီဇိုရမ်ပြည်နယ်ထဲကို နိုဝင်ဘာ ၁၆ ရက်မှာ စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ကိုတော့ အိန္ဒိယလေတပ် ရဟတ်ယာဉ် ၂ စင်းနဲ့ မီဇိုရမ်ပြည်နယ်ကနေ မိုရေးမြို့ကို ပို့ ဆောင်ပြီးနောက်မှာ မြန်မာစစ်အာဏာပိုင်တွေဆီ လွှဲအပ်လိုက်တယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။

“သူတို့ကို ဇီဝမှတ်တမ်းအချက်အလက်တွေအပါအဝင် လိုအပ်တဲ့ အချက်အလက်တွေ စစ်ဆေးပြီးတော့ မိုရေးမြို့ တဖက်က မြန်မာနယ်စပ်မြို့ တမူးကို ပြန်လွှဲလိုက်ပါပြီ”

မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ ဌာနချုပ်က စုံစမ်းစစ်ဆေးရေးမှူး လယ်ဘီယာကန်းဂါ ခီယန်တီကတော့ မြန်မာစစ်တပ်ဖွဲ့ဝင်တွေဟာ အိန္ဒိယရဲတပ်ဖွဲ့ဝင်တွေဆီ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ချဉ်းကပ်လာပြီးနောက် သူတို့ကို အာသံ ရိုင်ဖယ်တပ်ဖွဲ့ဆီ လွှဲအပ်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်တုန်းကလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ် မြို့သိမ်းတိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသွားခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၄၅ ယောက်ကိုလည်း နောက်တရက် နိုဝင်ဘာ ၁၄ မှာပဲ မိုးရေးမြို့ကတဆင့် မြန်မာဘက်ကို လွှဲပြောင်းပေးခဲ့ရသေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ ကြားတိုက်ပွဲတွေကြောင့် မီဇိုရမ်ပြည်နယ်ထဲကို မြန်မာဘက်က အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အများစုအပါအဝင် ထွက်ပြေးလာတိမ်းရှောင်လာသူ လူဦးရေ ၁၄၀၀ လောက် ရှိတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကတော့ အဆိုပါ ဒုက္ခသည်တွေကို စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ဖြည့်ဆည်းပေးနေပြီး ဆေးဝါးအကူအညီတွေလည်း ထောက်ပံ့ပေးနေတယ်လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယနိုင်ငံဆီ စစ်ဘေးရှောင်ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ပထမဆုံး ရောက်ရှိလာခဲ့တာဖြစ်ပြီး လတ်တလောအချိန်ထိ အိန္ဒိယ အရှေ့မြောက်ပြည်နယ်မှာ ခိုလှုံနေကြသူပေါင်း ၃၂,၀၀၀ လောက် ရှိနေတယ်လို့ ဆိုပါတယ်။

သူတို့ထဲက အများစုကတော့ ကယ်ဆယ်ရေးစခန်းတွေနဲ့ အစိုးရ အဆောက်အအုံတွေမှာ နေထိုင်ကြပြီး တချို့က ဆွေမျိုးတွေဆီ နေထိုင်ကြကာ အတော်များများကတော့ အိမ်ငှားပြီး နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

Source: The Statesman

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013