DVB Logo
Home
မြန်မာသတင်း
ဖလမ်းမြို့နယ် သီးဘွာလ်စခန်းသိမ်းတိုက်ပွဲပြင်းထန်၊ နှစ်ဖက်တပ်များ သေဆုံးဒဏ်ရာရသူများပြား
DVB
·
November 20, 2022
ဖလမ်းမြို့နယ် သီးဘွာလ်စခန်းသိမ်းတိုက်ပွဲပြင်းထန်၊ နှစ်ဖက်တပ်များ သေဆုံးဒဏ်ရာရသူများပြား
Donate to DVB

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ သီးဘွာလ်စစ်စခန်းကို CNDFနဲ့ ချင်းလက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားနေရာမှာ တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက်တပ်တွေ ထိခိုက်သေဆုံးမှုတွေလည်း များနေပါတယ်။ 

စစ်ကောင်စီနဲ့ ၅ ရက်ကြာ တိုက်ပွဲမှာ CNO/CNDF ဘက်က ဒရုန်းနဲ့အကြိမ် ၃၀၀ ကျော် ဗုံးကြဲ တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အရာရှိတွေအပါအဝင် ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ပြောဆိုပါတယ်။

နိုဝင်ဘာ ၁၉ ရက် မနက် ၅ နာရီလောက်က သီးဘွာလ်စစ်စခန်းကို CNDF ထပ်မံ တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အထိနာတဲ့အတွက် စခန်းမကျရေးအတွက် ဂျက်တိုက်လေယာဉ် ၂ စင်းအပါဝင် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၅ စင်းနဲ့ မနက် ၁၀ နာရီလောက်ကနေ မွန်းလွဲ ၁ နာကျော်အထိ လာရောက်ပစ်ခတ်ခဲ့တယ်လို့ CNDF က ထုတ်ပြန်ပါတယ်။

သီးဘွာလ်စစ်ကောင်စီစခန်းကိုသိမ်းပိုက်နိုင်ဖို့ နိုဝင်ဘာ ၁၅ ရက်ကနေ ၁၉ ရက်အထိ ၅ ရက်တိုင်တိုင် ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)က လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပြန်လည်ပစ်ခတ် ခဲ့လို့ ပထမရက်မှာကတည်းက ၃ နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ CNO/CNDF အဖွဲ့ကပြောပါတယ်။

CNO/CNDF အဖွဲ့က "အကြမ်းဖက်စစ်‌ကောင်စီတပ်အထိနာသွားပြီး မနက် ၉ နာရီ လောက်မှာ တိုက်လေယာဉ်နဲ့ ၃ ကြိမ်လာရောက်ပြီး အကြိမ်ရေများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒုတိယအခေါက် ကြဲတဲ့ဗုံးက သူတို့တပ်စခန်းအနီးကျပြီးပေါက်ကွဲကာအိမ် ၂ လုံး မီးလောင်သွားတယ်။ ပထမရက်တိုက်ပွဲမှာ စကစဘက်က  ၈ ယောက်လောက်သေတယ်။ CNO/CNDF ဘက်က ၂ ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာ ရရှိခဲ့ပါတယ်" လို့ ဆိုပါတယ်။

တိုက်ပွဲကို ZFU/PDF-Zoland၊ CDM-Siyin နဲ့ ချင်းပူးပေါင်းကာကွယ်ရေး တပ်ဖွဲ့ ဖြစ်တဲ့ CJDC တို့က ကူညီအင်အားဖြည့်ပေးခဲ့တယ်လို့ CNO/CNDF အဖွဲ့ကပြောပါတယ်။

နိုဝင်ဘာလ ၁၆ ရက် တိုက်ပွဲမှာလည်း စကစတပ်ဘက်က အထိနာပြီး နေ့လယ် ၃ နာရီလောက်မှာ MI-35 ရဟတ်ယာဉ်နဲ့ မိနစ် ၂၀ လောက် လာရောက်ပစ်ခတ်ခဲ့ပါတယ်။

ဒုတိယနေ့တိုက်ပွဲအတွင်း စကစတပ်ဘက်က  ၅ ယောက်သေဆုံးကာ ဒဏ်ရာရရှိသူများပြားရှိခဲ့ပြီး ချင်းလက်နက်ကိုင်တွေ ဘက်က အထိအခိုက်မရှိဘူးလို့ CNO/CNDF အဖွဲ့ကဆိုပါတယ် ။

အဲ့ဒီနေ့ညမှာပဲ ကလေးမြို့ CNDF တပ်မဟာ (၁)၊ တပ်ရင်း (၃) နဲ့ CDF-KKG ပူးပေါင်းပြီ စကစတပ်ကိုသွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်သား ၁ ယောက်သေဆုံးပြီး ၁ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ တော်လှန်ရေးအဖွဲ့ကပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက်တိုက်ပွဲမှာလည်း လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး မွန်းလွဲ ၄ နာရီလောက်ကစပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ   MI-35  နဲ့ ၄၅ မိနစ်ခန့် လာရောက်ပစ်ခတ်ခဲ့ပါတယ်။

အဲ့ဒီနေ့ညမှ MEDF ပူးပေါင်းအဖွဲ့က ရုန်း-Drone နဲ့ ဗုံးအလုံးရေ အများအပြားနဲ့ တိုက်ခိုက်ခဲ့လို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၆ ယောက်သေဆုံးပြီး၊ ဒဏ်ရာရသူအများအပြားရရှိခဲ့သလို CNO/CNDF ဘက်က ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပါတယ်။ 

နိုဝင်ဘာလ ၁၈ ရက် ၄ ရက်မြောက်နေ့ မနက် ဝေလီဝေလင်းအချိန် CNDF အဖွဲ့က စစ်ကောင်စီတပ်စခန်းကို ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီနေ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးပြီး CNO/CNDF တပ်သား ၁ ဦး ၆၀-မမ လက်နက်ကြီးစ ထိမှန်ပြီး မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း သီးဘွာလ်စခန်းကို စစ်ကူပေးဖို့ ရဟတ်ယာဉ်နဲ့ စစ်ကောင်စီတပ်ဖွဲ့အင်အား ၃၀ ကျော်ကို ချသွားတယ်လို့သိရပြီး သေဆုံးထိခိုက်ဒါဏ်ရာရတဲ့ စစ်သားတွေကိုလည်း ကလေးမြို့ စစ်ဆေးရုံကို သယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့ညနေ ၅ နာရီလောက်ကလည်း အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သီးဘွာလ်စစ်စခန်းအနီး ၊ ဘွာလ်သဲကျေးရွာမှာ CNDF က ကြားဖြတ်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားချိန်  ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ အနည်းဆုံး ၆ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် ညနေ ၆ နာရီခွဲအချိန်မှာတော့ စစ်ကောင်စီတပ်ဖွဲ့မှ ဘွာလ်သဲကျေးရွာရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့ပြီး  မီးရှို့ခံရတဲ့ အိမ်ခြေအရေတွက်ကိုတော့ သီးခြားအတည်မပြုနိုင်ခြင်းမရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013