
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်က ဝေဟင်ကနေ လေထီးနဲ့ ချခဲ့တဲ့ လက်နက်သေတ္တာတွေထဲက တချို့ကို ကာကွယ်ရေးတပ်တွေ ရရှိခဲ့တယ်လို့ DMO Local PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုခွန်းဖရန့်စစ်က ပြောပါတယ်။
စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၉ ရက် နေ့လယ်မှာ ဝေဟင်ကနေ လေထီးနဲ့ လက်နက်သေတ္တာ ၁၅ လုံးကျော်ကို လွိုင်ကော်အကျဥ်းထောင်ထဲ ချပေးခဲ့တယ်လို့ ဆိုပါတယ်။
"သူတို့က နေ့ညမပြတ် ဆက်တိုက်ပစ်နေတော့ ခဲယမ်းတွေ လျော့နည်းနေတဲ့ အနေအထားမျိုးထင်တယ်။ အဲ့တော့ ဝေဟင်ကနေ ချတော့ ထောင်ထဲကွက်တိ မကျဘူးလေ။ အဲ့တော့ ကျနော်တို့ရခဲ့တာပေါ့။"
လက်နက်သေတ္တာထဲကနေ စုဗုံး ခေါ် ၄၀ မမ ပြောင်းသီးတွေပါတဲ့ သေတ္တာ ၃ လုံးကို ရရှိခဲ့ပြီး ကျန်သေတ္တာတွေက ရရှိဖို့ ခဲယဥ်းတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ၅၄ တပ်ထဲကို ဝေဟင်ကနေ လက်နက်သေတ္တာတွေကို ချပေးခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား နိုဝင်ဘာ ၁၁ ရက်စပြီး လွိုင်ကော်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေကာ စစ်ကောင်စီတပ်က နေ့ညမပြတ် လက်နက်ကြီးအပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေ အိုးအိမ်စွန့်ခွာပြေးနေကြရပြီး သေဆုံးသူ အယောက် ၆၀ ထပ်မနည်းရှိနေတယ်လို့ သိရပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က အယောက် ၁၅၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိကာ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။










