DVB Logo
Home
မြန်မာသတင်း
ကိုးကန့်တိုက်ပွဲတွင်ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများ အပါအဝင် ၂၇၃ ဦး ထိုင်းသို့ ပြန်ရောက် 
DVB
·
November 20, 2023
ကိုးကန့်တိုက်ပွဲတွင်ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများ အပါအဝင် ၂၇၃ ဦး ထိုင်းသို့ ပြန်ရောက် 
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသမှာ လူကုန်ကူးခံရသူတွေနဲ့ တိုက်ပွဲမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၂၆၆ ဦးနဲ့ နိုင်ငံခြားသား ၇ ဦး စုစုပေါင်း  ၂၇၃ ဦးဟာ ဒီမနက် စောစောက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပြန်လည်ရောက်ရှိလာကြပြီလို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

သူတို့ဟာ မြန်မာအာဏာပိုင်၊ ထိုင်းကောင်စစ်ဝန်ရုံး၊ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ ယူနန်ပြည်နယ် ကူမင်းမြို့ ထိုင်း- တရုတ် ကောင်စစ်ဝန်တွေရဲ့  ပူးပေါင်းကူညီဆောင် ရွက်ပေးမှုတွေနဲ့ နိုဝင်ဘာ ၁၉ ရက်က တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကနေ ယူနန်ပြည်နယ် ကူမင်းမြို့၊ ကူမင်းလေဆိပ်ကနေတဆင့် ဘန်ကောက်ဒွန်းမောင်း လေဆိပ်ကို နိုဝင်ဘာ ၂၀ ရက် ဒီနေ့မနက် ၃ နာရီကျော်မှာ ပြန်လည်ရောက်ရှိလာပါတယ်။

ဒီတခေါက်ကယ်တင်ခံရသူတွေထဲမှာ ထိုင်းနိုင်ငံသား ၂၆၆ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၆ ဦး နဲ့ စင်ကာပူနိုင်ငံသား ၁ ဦး စုစုပေါင်း ၂၇၃ ဦး ပါဝင်ပြီး ထိုင်းအစိုးရအစီအစဉ်နဲ့ Air Asia နဲ့ Lion Airline လေကြောင်းလိုင်းမှ စင်းလုံးငှားလေယာဉ်နဲ့  ပြန်ရောက်လာကြတာ ဖြစ်ပါတယ်။ 

သူတို့တွေကို ထိုင်းနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ လူသားရင်းမြစ်လုံခြုံရေးနဲ့ ကယ် ဆယ်ရေးအဖွဲ့အစည်းက တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာ မိဘဆွေမျိုးတွေက သွားရောက်စောင့်ဆိုင်းကြိုဆိုခဲ့ကြပါတယ်။

ဒါပေမဲ့မိမိနေအိမ်ကို မပြန်ရသေးဘဲ  သက်ဆိုင်ရာကစီစဉ်ပေးတဲ့ ဘတ်စ်ကား ၈ စီးနဲ့ ဘန်ကောက် နောင်ကယောက်နယ်မြေရှိ ထိုင်းရဲတပ်ဖွဲ့ စိစစ်ရေးစခန်းမှာ ဘယ်သူက လူကုန်ကူးခံရသလဲ၊ ဘယ်သူက မိမိဖာသာ အလုပ်သွားလုပ်သလဲ စသဖြင့် အစစ်ဆေးခံရဦးမှာ ဖြစ်ပါတယ်။ 

အလားတူ လောက်ကိုင်မြို့ကနေ UWSA ဝ ဒေသထဲကို သူတို့ဘာသာ ထွက်ပြေးလွတ်မြောက်လာတဲ့ ထိုင်းနိုင်ငံသား ၄၁ ဦးဟာလည်း  ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းမှာ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။ 

သူတို့ကို ဝ တပ်ဖွဲ့က တြိဂံတိုင်းဒေသစစ်ဌာနချုပ် တာဝန်ရှိသူထံ အပ်နှံခဲ့ပြီးနောက် TBC ဒေသတွင်းအဆင့် နှစ်နိုင်ငံဆိုင်ရာနယ်ခြားကော်မတီရဲ့ အစီအစဉ်နဲ့  နှစ်နိုင်ငံချစ်ကြည်ရေးတံတားကနေတဆင့် ပြန်လည်လွှဲအပ်ပေးခဲ့ပါတယ်။ 

သက်ဆိုင်ရာဆွေမျိုးမိဘတွေက နိုဝင်ဘာ ၁၇ ရက်နေ့ကတည်းက မယ်ဆိုင်မှာ သွားရောက် စောင့် ဆိုင်းကြိုဆိုခဲ့ကြပေမယ့် အိမ်ကိုတန်းမပြန်ရသေးဘဲ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲ့ စိစစ်မှုကို ခံယူ ရဦးမှာ ဖြစ်ပါတယ်။

သူတို့ဟာ အရေးယူခံရပြီး ထိုင်းမှာ ထောင်ဆက်ကျခံရဦးမှာကိုလည်း သက်ဆိုင်ရာ ဆွေမျိုးမိဘတွေက စိုးရိမ်ပူပန်နေကြပါတယ်။ 

လောက်ကိုင်မြို့က လွတ်မြောက်လာသူတွေကတော့ သူတို့ဟာ လိမ်ညာခံရတယ်၊ လူကုန်ကူးခံရတယ်၊ မလုပ်ချင်တဲ့အလုပ် (ပြည့်တန်ဆာ၊ ကောလ်စင်တာ အွန်လိုင်းလိမ်လည်မှု) စတာတွေကို အဓ္မမ အတင်းအကျပ်စေခိုင်းခံရတာဖြစ်ပြီး  ဖီဆန်အာခံတယ်၊ သံရုံးကို ဆက်သွယ် အကြောင်းကြားတယ်ဆိုရင် တရုတ်မာဖီးယားဂိုဏ်းတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုအမျိုးမျိုး ခံနေရတာလို့  သတင်းထောက်တွေကို ပြောပါတယ်။ 

ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် သော်ဆဒ် ဆူခါဝိမွန်းကတော့ လူကုန်ကူးခံရသူ၊ တရား မဝင်နိုင်ငံမှ ထွက်ခွါသူ၊ အွန်လိုင်းလိမ်လည်မှုမှာ ပါဝင်သူ စသဖြင့် ခွဲထုတ်ပြီး ကူညီသင့် သူကူညီကာ အရေးယူသင့်သူ အရေးယူသွားမယ်လို့  သတင်းထောက်တွေကို ပြောပါတယ်။ 

Source -ThaiPBS/ThaiRath

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013