DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့နယ်၌ စစ်တပ်လေကြောင်းတိုက်ခိုက်၊ အမျိုးသမီးအပါအဝင် ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
DVB
·
November 20, 2023
အင်းတော်မြို့နယ်၌ စစ်တပ်လေကြောင်းတိုက်ခိုက်၊ အမျိုးသမီးအပါအဝင် ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊ မြစ်ကြီးနား-မန္တလေး လမ်းမပေါ်က နဘားလမ်းဆုံ အထက် စော်မော်တောတန်း တလျှောက်မှာ နိုဝင်ဘာ ၁၉ ရက် နေ့လယ် ၂ နာရီဝန်းကျင်က စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်လို့ အရပ်သား ၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့ပြီး ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က နဘားလမ်းဆုံ စော်မော်ချောင်းအနီး  လေယာဉ်နဲ့ ဗုံး ၆ လုံးထက်မနည်းကြဲချကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

ဒေသခံ အမျိုးသားတဦး "တိုက်ပွဲဖြစ်နေတာလည်း မရှိပါဘူး။ အဲ့ဒါကို လေယာဉ်နဲ့ နေ့လယ်က ဗုံးကြဲတယ်။ လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ပစ်တယ်။ လေယာဉ်နဲ့ ပစ်တဲ့နေရာက နဘားလမ်းဆုံ စော်မော်ချောင်းအနားမှာ။ အဲ့ဒီနားမှာက ဈေးဆိုင်ခန်းတွေလည်းရှိတယ်။ ကျနော်သိရသလေါက်  အဲ့ဒီနားပါတ်ဝန်းကျင်က ပြည်သူ ငါးဦးလောက် ထိခိုက်ဒဏ်ရာရတယ်။ ဈေးဆိုင်ခန်းတွေလည်း ပျက်စီးသွားတယ်။ စစ်တပ်ကုန်း ကနေလည်း လက်နက်ကြီး နဲ့ပစ်နေတယ်"လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နဘားလမ်းဆုံအနီး ဆိုင်ကယ်မောင်းနှင်လာတဲ့ မိသားစု သုံးဦးနဲ့  ဈေးဆိုင်တန်းလျားအနီး ပန်းရောင်းချနေသူတဲ့ ဇနီးမောင်နှံတို့ ဗုံးစ ထိမှန်ဒဏ်ရာ ရှိခဲ့ပြီး စားသောက်ဆိုင်တစ်ဆိုင်နဲ့  ကားဝပ်ရှော့ဆိုင် တစ်ဆိုင်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒေသခံတဦးက “တိုက်ခိုက်ရေးလေယာဉ်သုံးသွားတယ်၊ တစ်စီးတည်း ပတ်ပြီးချနေတာ၊ ဆယ့်ငါး မိနစ်လောက်ရှိမယ် ပစ်နေတာက။ ရွာထဲခဏ ပြေးသွားပြီး အိမ်ပြန်ရောက်တဲ့ အချိန်အထိ ဝဲပြီး ပစ်နေတုန်းပဲ။ ကားလမ်းဘေးပေါ့။ အဲလိုပစ်တော့ လင်မယားနှစ်ယောက်ထိထားတယ်။ အမျိုးသမီးကတော့ ဗိုက်ကွဲသွားတယ်။ အမျိုးသားကတော့ ပွဲချင်းပြီးလို့တော့ ပြောတယ်။”

ဒီတိုက်ခိုက်မှုမှာ လူသေဆုံးမှုမရှိမရှိကတော့ လတ်တလော အတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးတဲ့နောက် အင်းတော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ် စခန်းတွေကနေ အဆိုပါနေရာတွေကို ညနေ ၅ နာရီလောက် အထိ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နဘားလမ်းဆုံ အနီးက ဈေးဆိုင်တန်းတွေ မီးလောင်ပျက်စီးခဲ့သလို အနီးနားက ကျေးရွာက ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

စက်တင်ဘာ  ၁၆ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ခရမ်းစပ်ကုန်းကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းထိုင်ဘုန်းကြီးတပါးနဲ့ ကျောင်းတွင်းနေထိုင်သူ အမျိုးသားတဦးသေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013