
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲက စစ်စခန်း ၂ ခုကို ရက္ခိုင်တပ်တော် အေအေက ဒီနေ့ တိုက်ခိုက်နေပြီး ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာလည်း စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ဗိုလ်ကြီး ၁ ယောက် အပါအဝင် အယောက် ၄၀ ကျော် သေဆုံးခဲ့ပါတယ်။
ဘူးသီးတောင်မြို့နယ်၊ ပန်းဘဲချောင်းကျေးရွာအုပ်စု၊ ခထီလှကျေးရွာနဲ့ ကျွန်းပေါက်ကျေးရွာ စခန်းတို့ကို ရက္ခိုင်တပ်တော် အေအေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီ မနက်ပိုင်းမှာတော့ စစ်ကောင်စီက Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ဗုံးကြဲချ ပစ်ကူပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံခထီလှရွာသားတယောက်က “လက်နက်ကြီး လက်နက်ငယ်သံတွေ ဆူညံနေ ပါတယ်။ စခန်း ၂ ခု လုံးမှာ အင်အားများတော့ လက်ရှိအထိ မသိမ်းနိုင်သေးဘူး လို့တော့ သိရတယ်။ မနက် ၉ နာရီခွဲလောက်မှာ စစ်ရဟတ်ယာဉ် Mi 35 နဲ့ လာပြီး ဗုံးချပစ်ကူပေးခဲ့တယ်” လို့ ပြောပါတယ်။
ခထီလှကျေးရွာအနီးက နယ်ခြားစောင့်စခန်းဟာ အရင်က ရဲစခန်းတခုဖြစ်ပြီး လက်ရှိမှာ စစ်တပ်နဲ့ နယ်ခြားစောင့် ပူးတွဲပြီး အင်အား ၅၀ လောက်နဲ့ အထိုင်ချထားတဲ့ စခန်းတခုဖြစ်သလို ကျွန်းပေါက်ကျေးရွာစခန်းဟာလည်း အင်အား ၁၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိမှာတော့ မောင်တောခရိုင်က နယ်ခြားစောင့်စခန်းတွေဖြစ်ကြတဲ့ မောင်တောမြို့နယ် အခြေစိုက် ဒုံးညိုနယ်ခြားစောင့်ရဲစခန်း၊ မီးတိုက်နဲ့ သင်္ဘောလှစခန်း၊ ရသေ့တောင်မြို့နယ်က ချိန်ခါလီစခန်းနဲ့ ဒုံးပိုက်စခန်းတို့ကို ရက္ခိုင့်တပ်တော် အေအေ က သိမ်းပိုက်ထားပါတယ်။
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာတော့ ပိတောက်ကုန်းကျေးရွာ အနောက်ဘက် အင်တိုင်းတောနဲ့ ကျေးရွာစာသင်ကျောင်း၊ ဘုန်းကြီးကျောင်းဝန်းကျင်မှာ ၄ ရက်လောက် တပ်ဖျောက်ထားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၆ ရက်မှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၄၀ ကျော်သေဆုံး၊ အများအပြားဒဏ်ရာရတယ်လို့ တော်လှန်ရေး တပ်တွေဆီက သိရပါတယ်။
တိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရ တပ်သားတွေကို သုံးဘီးနဲ့ ၃ ခေါက်သယ်ပြီး စစ်တောင်းမြစ်ကို ဖြတ်ကူးရာမှာ လှေနဲ့ ၉ ခေါက် သယ်ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းမှာ အင်အား ၁၅၀ လောက်ပါပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပုဝါနီစစ်ကြောင်း၊ ကီကူးစစ်ကြောင်း၊ နပတ ရိုးမ စစ်ကြောင်း၊ ၃၅၀၁ တပ်ရင်းက တပ်ခွဲ ၃ နဲ့ ၄၊ သံတောင်မြောက်ပိုင်း အထူးဒေသစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူတွေ တနေကုန် ပစ်ခတ်တာကြောင့် လူနေအိမ်တွေလည်း ပျက်စီးပြီး ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော် ၃ ယောက် ကျဆုံး၊ ၈ ယောက် ဒဏ်ရာရတယ်လို့လည်း သိရပါတယ်။