DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် စက်သုံးဆီပြတ်ပြီး ဝယ်ယူရခက်ခဲနေ
DVB
·
November 19, 2023
ရခိုင်တွင် စက်သုံးဆီပြတ်ပြီး ဝယ်ယူရခက်ခဲနေ
Donate to DVB

ရခိုင်ပြည်နယ်ကို စစ်ကောင်စီက ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတွေအားလုံး ပိတ်ဆို့ပြီးနောက်ပိုင်း ပြည်နယ်တွင်းက မြို့တွေမှာ စက်သုံးဆီပြတ်လပ်လာနေပြီး ဝယ်ယူရခက်ခဲနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

စက်သုံးဆီလိုအပ်တဲ့သူတွေဟာ ခက်ခက်ခဲခဲရှာဝယ်ယူနေရပြီး ရရှိတဲ့စက်သုံးဆီတွေကိုလည်း စျေးမြင့်ပေးတယ်နေရတယ်လို့ မြောက်ဦးမြို့က ဒေသခံတယောက်က ပြောပါတယ်။

“ကျနော်တို့မြို့မှာ မနေ့ကတည်းက ပြတ်လုနီးပါးရှိခဲ့တာ။ ဒီကနေ့တော့ စက်သုံးဆီ ရောင်းတဲ့ဆိုင်တွေ တဆိုင်မှ မဖွင့်တော့ဘူး။ အရမ်းလိုအပ်နေတဲ့သူတွေ ခက်ခက်ခဲခဲ ရှာဝယ်ကြရတယ်။ စျေးကလည်း အရမ်းများသွားပြီ” လို့ ပြောပါတယ်။

ရခိုင်ကမြို့နယ်အချို့မှာ လက်ရှိ စက်သုံးဆီပေါက်စျေးကတော့ 92 တလီတာကို ၃၅၀၀ ကျပ်အထိ ရှိနေတာဖြစ်ပြီး လမ်းကြောင်းတွေ မပိတ်ခင်စျေးနှုန်းကတော့ ၂၅၀၀ လောက်ပဲ ရှိခဲ့တာပါ။

စက်သုံးဆီဟာ ပြတ်တယ်ဆိုတာထက် သိုလှောင်သူတွေကြောင့် ဝယ်ယူရ ခက်ခဲနေတာလည်းဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒီလို စက်သုံးဆီဝယ်ယူရ ခက်ခဲနေတဲ့ အခြေအနေတွေကြောင့် လူမှုကယ်ဆယ်ရေးနဲ့ နာရေးကူညီတဲ့အဖွဲ့အစည်းတွေအနေနဲ့ အခက်တွေ့နေကြရတယ်လို့ စစ်တွေမြို့က ရွှေရောင်မေတ္တာဖောင်ဒေးရှင်းရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“စက်သုံးဆီနဲ့တော့ တော်တော်အခက်ခဲဖြစ်နေပါတယ်။ ရှာရတာလည်းမလွယ်ဘူး။ ဒါပေမယ့် အဆင်ပြေအောင်တော့ လုပ်နေရတာပါပဲ။ ခုပေးဝယ်နေရတဲ့စျေးကတော့ တလီတာကို ကျပ် ၂၈၀၀ လောက်ပါ” လို့ ပြောပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်ကို လမ်းကြောင်းတွေပိတ်ပြီးနောက်ပိုင်း စက်သုံးဆီ အဓိက အသုံးပြုလုပ်ကိုင်ရတဲ့ လုပ်ငန်းရှင်တွေဟာ အများအပြား ဝယ်ယူသိုလှောင် ခဲ့ကြတာကြောင့်လည်း ခုလို ရက်ပိုင်းအတွင်း ပြတ်လပ်တာတွေ ဖြစ်လာတာလို့လည်း ရန်ကုန်- စစ်တွေကားလမ်းဘေးက စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် တယောက်က ဆိုပါတယ်။

ရခိုင်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ရဲ့ နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရန်ကုန်- စစ်တွေ ကားလမ်းအပြင်၊ မြို့နယ်အလိုက် လမ်းကြောင်းတွေ အားလုံး ပိတ်ဆို့ခဲ့ပြီးနောက် ရခိုင်ပြည်တွင်းမှာ လက်ရှိ စက်သုံးဆီအပြင်၊ စားသောက်ကုန်တချို့လည်း ပြတ်လပ်လာနေပြီး ကုန်စျေးတွေလည်း အဆမတန်မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013