
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ Vape-Pod နဲ့ Shisha ဆက်စပ်ပစ္စည်းတွေ ရောင်းချ၊ လက်ဝယ်ထားရှိသူ ၃ ယောက်ကို စစ်တပ်က ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီး သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မေ ၂၁ ရက် ညနေပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေကတော့ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ Cry Angel Fashion Shop ပိုင်ရှင် နေမင်းထက်၊ ကံသာရပ်ကွက်နေ စိုင်းမင်းကျော်နဲ့ မင်္ဂလာဦးရပ်ကွက်နေ ဦးကျော်မျိုးလွင်တို့ ဖြစ်ပါတယ်။
သူတို့ဆီက ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားတဲ့ တရုတ်နိုင်ငံထုတ် Vape-Pod တွေ၊ Shisha အိုးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးမိခဲ့တယ်လို့လည်း စစ်အာဏာရှင်တပ်ဘက်က ထုတ်ပြန်ထားပါတယ်။
နေမင်းထက်နဲ့ စိုင်းမင်းကျော်တို့ကို တောင်ကြီးမြို့မရဲစခန်းမှာလည်းကောင်း၊ ဦးကျော်မျိုးလွင်ကို တောင်ကြီးနယ်မြေရဲစခန်းမှာလည်းကောင်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
တောင်ကြီးဒေသခံတွေရဲ့ ပြောကြားချက်အရ Vape-Pod နဲ့ Shisha ရောင်းဝယ်တာတွေက အရင်ကတည်းက မြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင် ရောင်းချနေကြတာဖြစ်ပြီး အခုလို ရုတ်တရက် ဖမ်းဆီးအရေးယူတဲ့အပေါ် လူငယ်တွေကြား ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
မြို့ခံတယောက်က “အရင်က openly ရောင်းနေတာကို ဘာမှမလုပ်ဘဲ အခုမှ ရုတ်တရက် ဝင်ဖမ်းတော့ လူငယ်တွေကြားမှာ မေးခွန်းထုတ်စရာတွေ များနေတယ်။ တချို့ဆိုင်တွေဆို လူတိုင်း သိနေတာကြာပြီ။ အခုလို ရုတ်တရက် စစ်ဆေးဖမ်းဆီးလာတာက တချို့ကို ရွေးဖမ်းသလို ဖြစ်နေတယ်။ တကယ်တင်းကျပ်မယ်ဆို အကုန်ညီညီမျှမျှ လုပ်သင့်တယ်။ တချို့ကိုဖမ်းပြီး တချို့ကို မဖမ်းဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ တောင်ကြီးမြို့ပေါ်ရှိ လူငယ်တွေကြားမှာ Vape-Pod နဲ့ Shisha သုံးစွဲမှု မြင့်တက်နေပြီး လူမှုကွန်ရက်ပေါ်မှာလည်း အခုဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ဆက်တိုက် ထွက်ပေါ်နေ ပါတယ်။










