
ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံလုံးမှာ ပြည်သူတွေကို အန္တရာယ်သတိပေးတဲ့ ဖုန်းအက်ပ်တွေ ဆိုက်ဘာတိုက်ခိုက်ခံရပြီး နျူကလီးယားနဲ့ ဓာတုတိုက်ခိုက်မှုဆိုင်ရာ သတိပေးချက်အတုတွေ ပေါ်ထွက်လာခဲ့ပါတယ်။
နိုဝင်ဘာ ၁ ရက် ညမှာ ယူကရိန်းရဲ့ လေကြောင်းရန်သတိပေးအက်ပ်ကနေ ကိယက်ဗ်မြို့ အပါအဝင် နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်အဆင့် အမြင့်ဆုံး သတိပေးချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
နျူကလီးယား၊ ဓာတုလက်နက်နဲ့ လမ်းပေါ်တိုက်ပွဲတွေ ဖြစ်ပွားနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ အပြင် ရုရှားရဲ့ အိုရက်ရှ်နစ်ခ် အသံထက်မြန် ဒုံးကျည် ပစ်လွှတ်ထားတယ်ဆိုတဲ့ သတင်းအမှားတွေလည်း ပါဝင်ခဲ့ပါတယ်။
ယူကရိန်းလေတပ်ကတော့ “ရေဒီယိုသတ္တိကြွရောင်ခြည် အန္တရာယ်မရှိပါဘူး။ စိတ်အေးအေးထားပြီး ကျနော်တို့ရဲ့ တရားဝင်သတင်းတွေကို စောင့်ကြည့်ကြပါ” လို့ ပြည်သူတွေကို အသိပေးခဲ့ပါတယ်။
နောက်ပိုင်းမှာ အဲဒီသတိပေးချက်အတုတွေကို ပယ်ဖျက်ခဲ့ပြီး အက်ပ်ကို ယာယီရပ်ဆိုင်းထားပေမဲ့ တခြား လေကြောင်းရန်သတိပေးစနစ်တွေကတော့ ပုံမှန်အလုပ်လုပ်နေပါတယ်။
နာရီပိုင်းအကြာ နိုဝင်ဘာ ၂ ရက်မှာ ရုရှား အရေးပေါ်အခြေအနေ ဝန်ကြီးဌာနကလည်း သူတို့ရဲ့ သတိပေးအက်ပ်ကို ကြီးမားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတခု ပြုလုပ်ခံခဲ့ရတယ်လို့ ကြေညာပါတယ်။
ရုရှားနိုင်ငံမှာလည်း နျူကလီးယားထိပ်ဖူးတပ်ထားတဲ့ ယူကရိန်းဒရုန်းတွေ တိုက်ခိုက်လာပြီဆိုတဲ့ သတိပေးချက်အတုတွေ ပေါ်ထွက်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ ရုရှားအာဏာပိုင်တွေက ဖုန်းအက်ပ်တခုသာ ထိခိုက်ခဲ့ပြီး အရေးပေါ်ဥဩသံ၊ SMS နဲ့ တခြားသတိပေးစနစ်တွေ ပုံမှန်အလုပ်လုပ်နေတယ်လို့ ပြောပါတယ်။
ယူကရိန်းက သူတို့ရဲ့အက်ပ်ကို ရုရှားက ဆိုက်ဘာတိုက်ခိုက်ခဲ့တာလို့ စွပ်စွဲထားပေမဲ့ ရုရှားကတော့ သူတို့အက်ပ်ကို ဘယ်သူတိုက်ခိုက်ခဲ့သလဲဆိုတာ မပြောသေးပါဘူး။
ဆိုက်ဘာတိုက်ခိုက်မှုနှစ်ခု ဆက်စပ်မှုရှိ၊ မရှိ မသိရသေးဘဲ ဒီဖြစ်ရပ်တွေဟာ ယူကရိန်းနိုင်ငံ ခါဆွန်ဒေသမှာ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ ဒေသအကန့်အသတ် အပစ်အခတ်ရပ်စဲရေး နိုဝင်ဘာ ၁ ရက်မှာ ပြီးဆုံးချိန်နဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။
Source: Reuters











