DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့တွင် ဒေသခံ ၅၀၀ ကျော် ကျန်ရှိနေ
DVB
·
November 18, 2023
လွိုင်ကော်မြို့တွင် ဒေသခံ ၅၀၀ ကျော် ကျန်ရှိနေ
Donate to DVB

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့ထဲက တိုက်ပွဲတွေအတွင်းမှာ ပြည်သူ ၅၀၀ ကျော်လောက် ရှိနေသေးတယ်လို့ ဒေသခံနဲ့ ပရဟိတအသင်းတွေဆီက သိရပါတယ်။

၁၁.၁၁ စစ်ဆင်ရေးစတင်တဲ့ ၈ ရက်မြောက်နေ့မှာ လွိုင်ကော်မြို့ကို စွန့်ခွာ စစ်ဘေးရှောင်သူ ၄၀,၀၀၀ ကျော် ရှိလာပြီလို့လည်း စစ်ဘေးရှောင်အရေး အကူအညီ ပေးနေသူတွေဆီက သိရပါတယ်။

Dove KK ကယ်ဆယ်ရေးအဖွဲ့ဝင် ကိုK2 က “၅၀၀ ကျော်လောက် ရှိအုံးမယ်ဗျ။ ပြည်သူတွေ အဓိကပြဿနာက လူကြီးတွေရဲ့ ခေါင်းမာမှုကြောင့် ကျန်နေတာပါဗျ။ လူငယ်တွေက ထွက်ချင်တယ် ငိုယိုပြောလည်း

အကြောင်းရင်းပြောလည်း လက်မခံ ကြပါဘူးဗျ။ ဒါဟာ လုံးဝအန္တရယ်များပါတယ်ဗျ။ တိုက်ပွဲရောက်လာတဲ့ချိန်ဆိုရင် ထွက်လို့မရနိုင်တော့ဘူးဗျ။ ကာကွယ်ရေးအဖွဲ့တွေကို တွန့်ဆုတ်စေနိုင်ပြီး ဒုက္ခရောက်စေနိုင်ပါတယ်။ အခွင့်အရေးရတုန်း အများရွှေ့သလို အကုန် တယောက်မကျန် ရွှေ့သင့်တဲ့အချိန်ပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြို့ထဲမှာ အရပ်သားတွေကျန်ရှိနေတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ တိုက်ပွဲဖော်ဆောင်ဖို့ အခက်အခက်တွေရှိတယ်လို့လည်း ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

လွိုင်ကော်မြို့ခံပြည်သူတွေဟာ နီးစပ်ရာ မြို့နယ်တွေနဲ့ ဆီဆိုင်-တောင်ကြီးလမ်း၊ အင်းလေး-ညောင်ရွှေလမ်းတွေကနေ တခြားဒေသတွေကို တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “မြို့ထဲပိတ်မိနေတာတော့မဟုတ်ဘူးဗျ။ ခေါင်းမာပြီး မထွက်တဲ့သူတွေကျန်နေတာပါဗျ။ ခုဏက ပြောသလို လူကြီးတွေခေါင်းမာလို့။ ခုက မြို့ဘေးရပ်ကွက်တွေဆို တိုက်ပွဲဖြစ်လို့ ရှောင်ကုန်ကြပြီဗျ။ ခုက မြို့လယ်တွေမှာ ကျန်နေတဲ့ပြည်သူတွေပေါ့။ လူကြီးတွေခေါင်းမာလို့ အိမ်ပေါ်လက်နက်ကြီးကျပြီး ဆုံးသွားတဲ့ မိသားစုဝင်တွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူ လူဦးရေများတဲ့အတွက် စားနပ်ရိက္ခာလိုအပ်ချက်တွေရှိနေပြီး ရာသီဥတုအေးနေပြီဖြစ်လို့ စောင်နဲ့ အနွေးထည်တွေလည်း လိုအပ်နေတယ်လို့ Dove KK အဖွဲ့ဆီက သိရပါတယ်။

လွိုင်ကော်မြို့ထဲကို လက်နက်ကြီးတွေ အဆက်မပြတ်ကျရောက်တာနဲ့ မြို့ကိုစွန့်ခွာဖို့ တောင်းဆိုထားတာတွေကြောင့် မြို့ခံတွေဟာ နေရပ်ကို တဖြည်းဖြည်းစွန့်ခွာလာကြပြီး လွိုင်ကော်မြို့ကနေ  စစ်ရှောင်ဖို့ထွက်ခွာသူ ၄၀,၀၀၀ ကျော်ရှိနေပြီလို့  ကရင်နီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) က ထုတ်ပြန်ထားပါတယ်။

လွိုင်ကော်မြို့တွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေသလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း နေရပ်မြို့ကို ခေတ္တစွန့်ခွာတိမ်းရှောင်ဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ လွိုင်ကော်မြို့မှာ နေထိုင်သူပေါင်း ၅၁,၃၄၉ ‌ ရှိပြီး လူဦးရေ ၄၀,၀၀၀ ကျော် စစ်ရှောင်နေတဲ့အတွက် မြို့ခံ ၈၀ ရာခိုင်းနှုန်းကျော် စစ်ရှောင်ကုန်တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013