DVB Logo
Home
မြန်မာသတင်း
တောင်ငူတွင် လေကြောင်းကဗုံးကြဲ၊ လောင်းလုံးတွင် စစ်ကြောင်းထိုးဖျက်ဆီးနေ
DVB
·
November 18, 2023
တောင်ငူတွင် လေကြောင်းကဗုံးကြဲ၊ လောင်းလုံးတွင် စစ်ကြောင်းထိုးဖျက်ဆီးနေ
Donate to DVB

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာလည်း ကျေးရွာတချို့ကို စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တောင်ငူမြို့နယ်၊ ကျောက်တိုင်ကျေးရွာအုပ်စု၊ ကယားပြုံးချောင်းကျေးရွာကို နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၆ နာရီလောက်က လက်နက်ကြီးနဲ့ ၄ ချက်လောက်ပစ်ပြီးတော့ တောင်ငူလေတပ်က Mi 35 ၂ စီးနဲ့ ဗုံး ၅ လုံးလောက် ကြဲသွားတယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ဗုံး ၃ လုံးက အရင်ကြဲသွားတာ။ ပြီးတော့လေယာဉ်က ပျားစခန်းရွာနားထိ ဝဲပီးတော့မှ  ကယားပြုံးချောင်းရွာဘက်ကို ပြန်ဆင်းပြီး စက်သေနတ်နဲ့ လေယာဉ်ပေါ်က ပစ်ပြီး ဗုံး ၂ လုံး ထပ်ကြဲတာ။ အခုထိတော့ ကယားပြုံးချောင်းတရွာလုံး ရှောင်နေရတယ်” လို့ ပြောပါတယ်။

ကယားပြုံးချောင်းကျေးရွာဟာ အိမ်ခြေ ၁၁၀ လောက်နဲ့ လူဦးရေ ၅၀၀ လောက်ရှိပြီး အနီးဝန်းကျင်ရွာတွေဖြစ်တဲ့ ရေဆင်းကုန်း၊ ကျွဲတဲ၊ ရှမ်းပြုံးချောင်း စတဲ့ကျေးရွာတွေလည်း ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

ဒေသခံစစ်ဘေးရှောင် အမျိုးသမီးတယောက်က “၄ ရွာစလုံးက စစ်ဘေးရှောင် နေရတာဆိုတော့ နေစရာလည်း မရှိဘူး။ စားစရာလည်း ဒုက္ခရောက်နေတယ်။ အခုထွက်လာတော့လည်း ဘာမှ မယူခဲ့ရဘူးလေ။ တိုက်ပွဲဆက်တိုက်ဖြစ်နေတော့ ဘေးလွတ်ရာကိုပဲ ရှောင်နေရတယ်” လို့ ပြောပါတယ်။

ကယားပြုံးချောင်းကျေးရွာမှာ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း တိုက်ခိုက်ခံခဲ့ရသလို နေအိမ် ၉ လုံး မီးရှို့ခံခဲ့ရပြီး ခုတိုက်ပွဲမှာတော့ ထိခိုက်မှု အတိအကျ မသိရသေးပါဘူး။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က ကျောက်ဆင်ရွာ၊ ကမ်းပနီရွာနဲ့ ပညစ်ရွာတို့ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ဒုတိယအပတ်မှာ စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ အင်အား ၆ဝ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ကျောက်ဆင်ကျေးရွာအုပ်စု၊ ကရင်ကြီးရွာမှာ နိုဝင်ဘာ ၉ ရက်က ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ယောက် သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့တယ်လို့ လောင်းလုံးပကဖက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မောင်းမကန်နယ်မြေရဲစခန်းကိုလည်း ဒရုန်းအပါအဝင် လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ကြပါသေးတယ်။

ကျောက်ဆင်ကျေးရွာအုပ်စုက ကမ်းပနီဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်စွဲပြီး ပစ္စည်းတွေ ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်မှာ လောင်းလုံးမြို့နယ်၊ ပညစ်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်း ရောက်လာပြီး နေအိမ်တွေကို ၂ ရက်ဆက်တိုက် မီးရှို့ခဲ့ပါတယ်။

လောင်းလုံးဒေသခံတယောက်က “ပညစ်မှာ မီးရှို့ခံရတာ အိမ် ၅ လုံး၊ ကား ၁ စီးနဲ့ ဆိုင်ကယ်တွေလည်းပါတယ်။ ရွာသားတွေစုပြီး ဆောက်ထားတဲ့ မြေကြီးအိမ် ဆိုတဲ့အိမ်လည်း ပါသွားတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်မှာလည်း လောင်းလုံးမြို့ပေါ်နဲ့ မြို့အနီးတဝိုက် ကျေးရွာတွေမှာ စစ်ကောင်စီတပ်က အင်အားတိုး လုံခြုံရေးယူထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013