DVB Logo
Home
မြန်မာသတင်း
မြိတ်ခရိုင်ကျန်းမာရေးဦးစီးမှူးက CDM ဝန်ထမ်းများကို ခြိမ်းခြောက်ပြီး ချေးငွေပြန်တောင်း
DVB
·
November 18, 2023
မြိတ်ခရိုင်ကျန်းမာရေးဦးစီးမှူးက CDM ဝန်ထမ်းများကို ခြိမ်းခြောက်ပြီး ချေးငွေပြန်တောင်း
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်မှာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက CDM ကျန်းမာရေးဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး ချေးငွေတွေပြန်တောင်းယူနေတယ်လို့ CDM ကျန်းမာရေးဝန်ထမ်းတွေဆီကနေ သိရပါတယ်။

CDM ကျန်းမာရေးဝန်ထမ်းတယောက်က “ချေးငွေနဲ့ပတ်သက်ပြီး (ကျန်းမာရေးမှူး) ဒေါ်ယဉ်ယဉ်နွဲ့က တရားဝင်စာထုတ်ပြီးတော့ မတောင်းဘူး။ Non CDM တွေကနေ တဆင့် CDM တွေကို ချေးငွေပြန်ဆပ်ဖို့ တောင်းခိုင်းတယ်။ ဒေါ်ယဉ်ယဉ်နွဲ့က CDM ဝန်ထမ်းတွေ ဘယ်မှာ ဘာလုပ်နေလဲဆိုတာ အကုန်လုံး သူသိတယ်၊ ချေးငွေလာမဆပ်ရင် တရားရုံးပို့မယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

အဲဒီချေးငွေတွေဟာ ကိုဗစ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုတွေအပေါ် ကုစားနိုင်ဖို့အတွက် NLD အစိုးရက နိုင်ငံဝန်ထမ်း(အမြဲတမ်း)တွေကို လစာ ၂ လစာ ကြိုထုတ်ပေးပြီး အတိုးမဲ့ချေးငွေအဖြစ် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလကစပြီး ဆိုင်းငံ့ကာလ ၆ လ၊ ပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ် ထုတ်ချေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

CDM ဝန်ထမ်းတယောက်က “CDM ဝန်ထမ်းတွေအပြင် Non CDM ဝန်ထမ်းတွေပါ ချေးငွေတွေ ပြန်ဆပ်နေရတယ်။ ကျမတို့က ချေးငွေတွေ ပြန်ဆပ်ရမယ် ဆိုရင်တောင်မှ အရင် အရပ်သားအစိုးရကိုပဲ ပြန်ဆပ်မှာပါ။ ချေးငွေတွေ ပြန်တောင်းတာကလည်း မြိတ်ခရိုင်ထဲမှာရှိတဲ့ ပြည်သူ့ကျန်းမာရေးဘက်မှာပဲ တောင်းတာပါ။ CDM ဝန်ထမ်းတွေမှာလည်း သူတို့ရဲ့ လုံခြုံရေးအရ ချေးငွေတွေကို ပြန်ဆပ်တဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ချေးငွေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက “နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း)များကို လစာ ၂ လစာ ကြိုထုတ်ပေးခဲ့သည့် အတိုးမဲ့ချေးငွေများ ပြန်လည်ကောက်ခံရာမှာ ပေးဆပ်ကာလ ၁ နှစ်အစား ၂ နှစ် ၆ လ (၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ) သို့ တိုးမြှင့်သတ်မှတ်ထားကြောင်း” ၂၀၂၁ နှစ်၊ အောက်တိုဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန် ကြေညာထားပါတယ်။

NUG အစိုးရကလည်း “ကိုဗစ်ကပ်ဘေးရောဂါ ဆက်လက်ဖြစ်ပွားနေသည့်အပြင် အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသဖြင့် အဓမ္မ သိမ်းပိုက်ရယူထားသည့်ကာလ ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများရဲ့ သက်သာ ချောင်ချိရေးကို ရှေးရှုလျက် အဆိုပါချေးငွေအား ပြန်လည်ပေးဆပ်ရန် မလိုအပ်သည့် ချီးမြှင့်ငွေအဖြစ် သတ်မှတ်လိုက်ကြောင်း” လို့ ၂၀၂၁ ခုနှစ်၊ မတ် ၈ ရက်နေ့မှာ ထုတ်ပြန် ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013