DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်၊ မန်ဖာစခန်းကို KIA သိမ်းပိုက်၊ မတ္တရာတွင် စစ်တပ်စခန်း တိုက်ခိုက်ခံရ
DVB
·
November 18, 2023
ကွတ်ခိုင်၊ မန်ဖာစခန်းကို KIA သိမ်းပိုက်၊ မတ္တရာတွင် စစ်တပ်စခန်း တိုက်ခိုက်ခံရ
Donate to DVB

မန္တလေးတိုင်း၊မတ္တရာမြို့နယ်မှာ နိုဝင်ဘာ ၁၆ ရက်က စစ်ကောင်စီစခန်းတခုကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်က မန်ဖာ စစ်ကောင်စီစခန်းကိုလည်း နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းမှာ KIA က သိမ်းပိုက်လိုက်တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယကျေးရွာအုပ်စုက မန်ဖာ စစ်ကောင်စီ စခန်းကို နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းမှာ KIA က သိမ်းပိုက်လိုက်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ 

"မန်ဖာစခန်း ဟုတ်တယ်။ မိုင်းယရွာနဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းပဲ။ အရင်တုန်းက ဗျူဟာစခန်း။ အခု နောက်ပိုင်းက မဟုတ်တော့ဘူး။ မုံးဟော်မ်ဘက် ပြောင်းသွားတာထင်တယ်" လို့ KIA ရှေ့တန်း သတင်းရင်းမြစ် ၁ ယောက်က ပြောပါတယ်။ 

မန်ဖာရွာမှာ အခြေစိုက်စခန်းချထားတဲ့ ခမရ - ၅၆၇ စစ်ကောင်စီ တပ်စခန်းကို နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်း ၅ နာရီကျော်ခန့်က KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ က သိမ်းလိုက်တာလို့ ဆိုပါတယ်။ 

"စစ်ကောင်စီတွေက ရိက္ခာပြတ်လို့ ထွက်ပြေးဖို့ ပြင်နေချိန် ဖြစ်သွားတယ်လို့ ကြားတယ်" လို့ ဒေသခံ ၁ ယောက်က ပြောပါတယ်။ 

အဲဒီစခန်းက မုံးကိုးမြို့ရဲ့ အရှေ့ဘက်မှာရှိပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် မိနစ်အနည်းငယ်အတွင်း စခန်းသိမ်းနိုင်တာလို့ သိရတယ်လို့ သူက ပြောပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း အဲဒီ မန်ဖာ စစ်ကောင်စီ တပ်အနီးက ထောက်ပို့ အချက်အချာကျတဲ့ ဝိန်းလာ(ယိန်းလာ)တောင် စစ်ကောင်စီစခန်းကို KIA တပ်မဟာ ၆ တပ်ရင်း ၃၆ က သိမ်းပိုက်ခဲ့ပါတယ်။ 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က တိုက်ခိုက်ခံရတာဟာ ပင်လယ်အင်းရွာက စစ်ကောင်စီတပ် အထိုင်စခန်း ဖြစ်တယ်လို့ဒေသခံတွေကပြောပြီး မနက် ၇ နာရီလောက်မှာ တိုက်ပွဲဖြစ်ပြီးနောက် မကြာခင်မှာပဲ ကာကွယ်ရေးတပ်တွေ ပြန်ဆုတ်သွားကြသလို စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

အခုလို စခန်းဝင်ရောက်ပစ်ခံရပြီး စစ်ကောင်စီဘက်က အင်ကြင်းမြိုင်ရွာကနေ စစ်ကူစစ်ကြောင်း လာခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

မန္တလေးခရိုင် ပြည်သူကာကွယ်ရေးအဖွဲ့ဝင်တဦးက “တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်ဗျ။ ကျနော်တို့ အဲဒီစခန်းကို အသေအချာစုံစမ်းပြီး ဒီတိုက်ပွဲကို စတိုက်ခဲ့တာဗျ။ သူတို့ဘက်က စစ်သားအင်အား ၃၀ လောက်ရှိတယ်ဆိုတာ အသေအချာသိလို့ အခုလို ဝင်တိုက်ခဲ့တာဗျ။ စစ်ကောင်စီဘက်ကနေ ကျနော်တို့ G3 ၂ လက်၊ စက်ကလေး ၁ လက်နဲ့ စစ်ကောင်စီသေဆုံးတဲ့ အလောင်း ၃ လောင်းထက်မနည်း မျက်မြင်တွေ့ခဲ့ရတယ်ဗျ။ ကျနော်တို့ ပင်လယ်အင်းရွာစခန်းကို တိုက်ခိုက်နေတဲ့အချိန်မှာ အင်ကြင်းမြိုင်ရွာကနေ စစ်ကူလာနေတယ်လို့ သတင်းရလို့ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အထိအခိုက်မရှိ ပြန်ဆုတ်လာခဲ့တယ်” လို့ ပြောပါတယ်။

ပင်လယ်အင်းရွာကို အင်ကြင်းမြိုင်ရွာကနေ စစ်ကူလာတဲ့ စစ်ကြောင်းဟာ အောင်ကံသာရွာထိပ်က လက်ဖက်ရည်ဆိုင်ထဲကို  ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အောင်ကံသာရွာက အရပ်သား ၁၁ ယောက်၊ ပွဲစားကုန်းရွာက ၁ ယောက်၊ စုစုပေါင်း ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက် ညနေ ၅ နာရီမှာတော့ စစ်ကောင်စီတပ်ဟာ ပင်လယ်အင်းရွာမှာ အထိုင်စခန်းချပြီး အရပ်သားနေအိမ်တွေကို မီးရှို့နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013