DVB Logo
Home
မြန်မာသတင်း
အဖမ်းအဆီးများ‌ကြောင့် မဲဆောက်ရောက်မြန်မာဒုက္ခသည်များ သွားလာရေးအခက်တွေ့
DVB
·
November 18, 2023
အဖမ်းအဆီးများ‌ကြောင့် မဲဆောက်ရောက်မြန်မာဒုက္ခသည်များ သွားလာရေးအခက်တွေ့
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ ဒေသအာဏာပိုင်တွေရဲ့ လုံခြုံရေး တိုးမြှင့် ချထားမှုတွေနဲ့ အဖမ်းအဆီးတွေ အရင်ကထက်ပိုများလာတာကြောင့် မြန်မာနိုင်ငံ ဘက်ခြမ်းကနေ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေအရ ထွက်ပြေး တိမ်းရှောင်လာသူတွေ သွားလာရေး အခက်အခဲ ဖြစ်နေပါတယ်။

ထိုင်းရဲတွေက အရင်က ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ နယ်မြေလုံခြုံရေးအတွက် တရက်ကို ၂ ကြိမ်ကနေ ၅ ကြိမ်လောက်ပဲ ကင်းလှည့်ပေမဲ့ နိုဝင်ဘာလဆန်းပိုင်း လောက်ကစပြီး မဲဆောက်မြို့ရဲ့ နေရာအနှံ့အပြားမှာ ဆိုင်ကယ်၊ ကားတွေနဲ့ လှည့်ပတ်နေသလို ဒုက္ခသည်တွေကိုလည်း ဖမ်းဆီးမှုတွေ မကြာခဏ ရှိနေတယ်လို့ မြန်မာနိုင်ငံဘက်ခြမ်းက တိမ်းရှောင်လာသူ ဒုက္ခသည်တယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဖမ်းတာကတော့ တားဆီးစစ်ဆေးတာပေါ့။ ဒီဘက်မှာတော့ နားလည်မှုနဲ့နေရတဲ့ အထောက်အထားလေးတွေရှိတယ်။ ထိုင်းရဲဆိုရင်တော့ ရှင်းလို့ရတယ်၊ သိပ်ပြဿနာ မရှိဘူး။ တချို့ ရစ်တဲ့သူတွေကတော့ ပိုက်ဆံတောင်းတာ ဘာညာ ရှိတယ်။ လမ်းမှာတင် ပြီးသွားရင်

ကိစ္စမရှိဘူး။ စခန်းပါသွားလို့ စကားပြန်နဲ့စစ်ရင်တော့ သွားပြီပဲ။ နားလည်မှုနဲ့ နေပေမဲ့ အနည်းဆုံး ၁,ဝဝဝ လောက်ကနေ ၅,ဝဝဝ၊ ၆,၀၀၀ အထိ ပေးရတာမျိုးရှိတယ်။ တတ်နိုင်ရင်တော့ အပြင်မထွက်ဖို့ အကြံပေးချင်တယ်။ ကျနော်တို့လည်း ခဏခဏ အဖမ်းခံရတယ်။ အပြင်ထွက်ဆိုတာက အပျော်အပါးကိစ္စ မဟုတ်ဘူးပေါ့နော်။ ဒီ စျေးသွားတာတို့၊ ဆေးခန်းသွားပြတာတို့ စသည်ဖြင့်ပေါ့၊ မြန်မာလို့ယူဆရင် ဖမ်းတာပဲ။ ဆိုတော့ အပြင်ထွက်ဖို့တောင် ခက်လာတယ်။ မတော် ဖမ်းခံရရင်ဆိုတဲ့ အတွေးနဲ့ ကြောက်လန့်နေရတယ်။ တကယ်တမ်း အဖမ်းခံရလို့ငွေတောင်းရင်လည်း ကျနော်တို့က Refugee ဖြစ်တယ်၊ ပေးနိုင်တဲ့အင်အားမရှိဘူး” လို့ ပြောပါတယ်။

အခုလို ဖမ်းဆီးတာတွေများလာတာက အထောက်အထားလုပ်ဖို့ ဖိအားပေးတာ ဖြစ်နိုင်သလို နိုင်ငံရေးအရွေ့ကြောင့် လုံခြုံရေးတင်းကျပ်နေတာလည်း ဖြစ်နိုင်တယ်လို့ မဲဆောက်မြို့က ရွှေ့ပြောင်းအလုပ်သမားတဦးက ပြောပါတယ်။

“ဒါမျိုးဖမ်းဆီးတာကတော့ ပုံမှန်လိုတော့ဖြစ်နေပြီ အခုက ဘတ်(ပန်းရောင်ကတ်)ရိုက်ဖို့ အစိုးရက သတ်မှတ်ကာလ Deadline က နီးလာပြီ။ အဲဒါကြောင့် အထောက်အထားလုပ်ဖို့ ဖိအားပေးတာမျိုးပေါ့။ နောက်ပြီး တဖက်က ကျနော်တို့နိုင်ငံမှာ တိုက်ပွဲတွေဖြစ်နေပြီး တော်လှန်ရေးဘက်က အားသာနေပြီဖြစ်တာကြောင့်လည်း စစ်တပ်ဘက်ကနေ ဖမ်းဆီးပေးဖို့ အကူအညီတောင်းတာမျိုးတွေကြောင့်လည်း ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

အခုလို ဒေသအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုတွေကြောင့် နိုင်ငံရေးအရ ထွက်ပြေး တိမ်းရှောင်လာသူ အထောက်အထားမရှိတဲ့သူတွေအနေနဲ့ အပြင်ထွက်ဖို့ သွားရေး လာရေးကအစ ခက်ခဲနေပြီး မဲဆောက်တမြို့တည်းမှာပဲ ဒုက္ခသည်ဦးရေ အလွန်များပြားတာကြောင့် ဖော်ပြခြင်းမပြုဖို့ ဒုက္ခသည်ကူညီသူတွေက မေတ္တာရပ်ခံ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013