DVB Logo
Home
မြန်မာသတင်း
ပေါက်တောမြို့မရဲစခန်းကို အေအေ သိမ်းပိုက်ပြီးနောက်  မြို့ကို စစ်တပ်က ပိတ်ဆို့ထား 
DVB
·
November 17, 2023
ပေါက်တောမြို့မရဲစခန်းကို အေအေ သိမ်းပိုက်ပြီးနောက်  မြို့ကို စစ်တပ်က ပိတ်ဆို့ထား 
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာ နိုဝင်ဘာ ၁၅ ရက်က ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် (အေအေ) က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး မြို့ကိုပိတ်ဆို့ထားတာကြောင့် ဒေသခံပြည်သူတွေ ပိတ်မိနေပြီး အကူအညီတွေ လိုအပ်နေပါတယ်။

ပေါက်တောတမြို့လုံးကို ပိတ်ဆို့ထားတာဖြစ်ပြီး တိုက်ခိုက်သိမ်းပိုက်ခံရတဲ့ ပေါက်တောမြို့မရဲစခန်းမှာလည်း စစ်တပ်က အင်အားအများအပြားနဲ့ ပြန်လည်တပ်စွဲထားကာ စားနပ်ရိက္ခာ မလောက်ငမှုတွေကြောင့် စစ်ပွဲတွေရပ်စေလိုကြောင်း အမည်မဖော်လိုတဲ့ ပေါက်တောမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မြို့ထဲမှာ အသက်ကြီးပိုင်းတွေ၊ ကလေးငယ်တွေ အပါအဝင် ပြည်သူအများကြီး ကျန်နေပါတယ်။ မြို့ကို စစ်တပ်ကနေ အဘက်ဘက်က ပိတ်ဆို့ထားပါတယ်။ ကားတွေတစီးမှ သွားမရပါ။ စစ်ရပ်စဲဖို့ တောင်းဆိုချင်ပါတယ်။ အရပ်သားများက ပစ်မှတ်မဟုတ်ပါ။ ခံစားရတာကတော့ တော်တော်ဆိုးဝါးနေပါတယ်။ ပေါက်တောစစ်ပွဲက အပြင်းထန်ဆုံးတောင် ထင်မိပါတယ်။ ဒီပုံစံအတိုင်းဆိုရင်တော့ အစာငတ်လို့ သေကြမှာပါ။ စားနပ်ရိက္ခာတွေလည်း လုံးဝမရှိပါ၊ စျေးတောင်မရှိပါ။”

လက်ရှိ ပေါက်တောမြို့ခံတွေထဲမှာ တချို့က ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေပါဝင်တဲ့ မိသားစုတွေနဲ့ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေမှာရှိတဲ့ ဒေသခံတွေ တိမ်းရှောင်လို့မရဘဲ အကူအညီတွေ အရေးပေါ်လိုအပ်နေပြီး အကူအညီတွေ ဘယ်ကမှမရရှိဘူးလို့ သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက်မှာ စစ်တပ်က လေကြောင်းကပစ်ခတ်ခဲ့လို့ အရပ်သား သေဆုံးမှု ၂ဝ ကျော်ခန့် ရှိတယ်လို့ သတင်းတွေအရ သိရပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပေမဲ့ တိုက်ခိုက်ရေး စစ်ရေယာဥ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ နေအိမ်တွေပေါ် ကျရောက်ခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အေအေတပ်ဖွဲ့တွေက ပေါက်တောမြို့မရဲစခန်းကို  နိုဝင်ဘာ ၁၆ ရက်မနက်က သိမ်းပိုက်ရရှိကာ နေရာသုံးခုကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း ရေကြောင်း လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့  ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ပါတယ်။

ပေါက်တောမြို့မရဲစခန်းတခုလုံးကို မနေ့ မနက်အစောပိုင်းမှာ အေအေက သိမ်းယူခဲ့ပြီး စစ်အသုံးဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ငွေကြေးတချို့နဲ့စစ်ဘက် ရဲဘက်ဆိုင်ရာ စာရွက်စာတန်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ချအညံခံခဲ့တဲ့သူတွေကို အသက်ချမ်းသားပေးခဲ့ပြီး တယောက်စီကို ခရီးစရိတ် ကျပ် ၁၀ သိန်းပေးကာ  သူတို့သွားချင်တဲ့နေရာကို လုံခြုံစွာပို့ဆောင်ပေးထားတယ်လို့  ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က နေ့လယ်ပိုင်းမှာ  ရဟတ်ယာဥ်တစီးနဲ့ လာရောက်ပစ်ခတ်ခဲ့သလို စစ်သင်္ဘာတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပေါက်တောမြို့နေရာအနှံ့ကို ပစ်ခတ်ခဲ့ကြတယ်လို့ ဆို ပါတယ်။

ဒါအပြင်စစ်ကောင်စီတပ်ဟာ ညနေပိုင်းမှာ ပေါက်တောမြို့ကိုဝင်ရောက်ကာ အရပ်သား ပြည်သူတွေကို သတ်ဖြတ်ခဲ့လို့ အဲဒီစစ်ရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ အေအေက ထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ် ဒုံးညိုစခန်းကိုလည်း လက်နက်ချ အညံမခံတာကြောင့်  မနေ့ မနက် ၁၀ နာရီလောက်က မိုးရွာနေတဲ့ကြားက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဘက်က နေ့လယ် ၁၂ နာရီ ၂၀ မိနစ်က စတင်က ဂျက်တိုက်လေယာဥ်တစီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ပေါက်တော မြို့ထဲမှာ တပ်စွဲထားရုံတင်မက တိုက်ခိုက်ရေးစစ်ရေးယာဥ် ၂ စီးကိုလည်း ပေါက်တောမြစ်ကမ်းမှာ တပ်စွဲထားပြီး နိုဝင်ဘာ ၁၆ ရက်က အရပ်သား ရွှေပြည်တန်ရေယာဥ်တွေနဲ့ စစ်ကောင်စီတပ်နဲ့ ရဲတွေ စစ်ကူရောက်ရှိခဲ့ပါသေးတယ်။

ပလက်ဝမြို့နယ်မှာလည်း စစ်ကောင်စီဘက်က အခိုင်မာနေရာယူထားတဲ့ တရွန်အိုင်ဗျူဟာနဲ့ နှုန်းဗူး ဗျူဟာတွေကို မိုးရွာသွန်းနေတဲ့ကြားက ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013