DVB Logo
Home
Lead Story
အိုက်စလန် အမျိုးသမီးတွေရဲ့ တန်းတူညီမျှမှုရရှိရေး တိုက်ပွဲ
DVB
·
November 17, 2023
အိုက်စလန် အမျိုးသမီးတွေရဲ့ တန်းတူညီမျှမှုရရှိရေး တိုက်ပွဲ
Donate to DVB

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က ဝန်ကြီးချုပ် ကက်ထရင်ဂျက်ကော့ဗ်ဒိုတစ်စ် အပါအဝင် အိုက်စလန် အမျိုးသမီးတွေဟာ ကျား၊ မ မညီမျှမှုနဲ့ ပတ်သက်ပြီး ၂၄ နာရီကြာ သပိတ်မှောက်ခဲ့ကြပါတယ်။ ဒီကနေ့ ပြည်တွင်း ပြည်ပမှာလည်း အစိုးရတွေရဲ့ ကျား၊ မ တန်းတူညီမျှ ဆက်ဆံမှုရရှိရေး လုပ်ဆောင်မှုတွေက တအားကို နှေးကွေးလွန်းနေတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

အစားအသောက်လုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်သူ ဝန်ထမ်း ဆွန်ဂျာရပ်အဒယ်စ်တင်ဒိုတစ်က “ဒီနေ့ဆန္ဒပြပွဲက အိုက်စလန်မှာရှိတဲ့ အမျိုးသမီးတိုင်းအတွက်ပဲလို့ ထင်ပါတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေအတွက်ပါ တူညီတဲ့ ငွေပေးချေမှုရှိတဲ့ ကုမ္ပဏီတခုမှာ အလုပ်လုပ်ရတာ ကျမအတွက် ကံကောင်းပါတယ်။ ဒါပေမဲ့ ကျမက ကျမသမီးတွေအတွက်ရော ဒီနိုင်ငံက တခြားအမျိုးသမီးတွေအတွက်ပါ တန်းတူညီမျှမှုကို တောင်းဆိုဖို့အတွက် ဒီနေရာမှာ ရောက်နေတာပါ” လို့ ပြောပါတယ်။

ကျွန်းနိုင်ငံငယ်လေးဖြစ်တဲ့ အိုက်စလန်နိုင်ငံတဝန်းက အမျိုးသမီးဝန်ထမ်းတွေဟာ ကိုယ့်အိမ်မှာပဲ နေနေကြပြီး ကျောင်းတွေနဲ့ စာကြည့်တိုက်တွေကို ပိတ်ထားတာ ဒါမှမဟုတ် နာရီအကန့်အသတ်နဲ့ ဖွင့်ထားပြီး တရက်တာ ဆန္ဒပြမှုမှာ ပါဝင်နေကြပါတယ်။ တချိန်တည်းမှာပဲ ဆေးရုံတွေမှာလည်း အရေးပေါ်ကိစ္စတွေကိုသာ ကုသစောင့်ရှောက်မှု ပေးနေပြီး ဆေးဝန်ထမ်း ထောင်ပေါင်းများစွာဟာ မြို့တော်က လူထုစည်းဝေးပွဲမှာ ပါဝင် တက်ရောက်ခဲ့ကြပါတယ်။

အစားအစာ၊ ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေးဝန်ကြီး ဆဗန်ဒစ်ဆာဗာဒိုတစ်က “ဒါက ကျား၊ မ တန်းတူရေးနဲ့ ဆိုင်တယ်။ ကျနော် (ကျမ) တို့က အဲဒီအတွက် ဆယ်စုနှစ်များစွာ တိုက်ပွဲဝင်ခဲ့ပြီး ဒီနေ့ကတော့ အင်မတန်ထူးခြားတဲ့နေ့တနေ့ ဖြစ်ပါတယ်။ အိုက်စလန်သူ အမျိုးသမီးတွေအတွက် လွန်ခဲ့တဲ့ ၄၈ နှစ်က တိုက်ပွဲဝင်ခဲ့ပေမဲ့ စဉ်ဆက်မပြတ် ဂရုမစိုက်ခဲ့တဲ့ အမှားတွေကြောင့် လွဲချော်ခဲ့တာမျိုးကို ဒီနေ့ ပြန်ကြုံတွေ့နေရတာပါပဲ။ ဒီနေ့ထိလည်း အမျိုးသမီး အမျိုးသား တန်းတူရေး ကွာဟချက်တွေက ကြီးကြီးမားမား ရှိနေဆဲဖြစ်ပြီး အဲဒီအတွက် ဆန့်ကျင် တိုက်ပွဲဝင်နေရပါတယ်”လို့ ပြောပါတယ်။

စုရုံးနေတဲ့ လူအုပ်ကြီးထဲက လူတချို့က အိုက်စလန်စာနဲ့ အင်္ဂလိပ်စာတွေနဲ့ ရေးသားထားတဲ့ ကျား၊ မ တန်းတူရေးနဲ့ အမျိုးသမီးအခွင့်အရေးကို ထောက်ခံအားပေးတဲ့ ပိုစတာတွေကို ကိုင်ဆောင်ထားကြပြီး မိန့်ခွန်းတွေနဲ့ သီချင်းတွေကို နားထောင်နေခဲ့ကြပါတယ်။

အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် လစာကွာဟနေမှုကို ဆန့်ကျင်ကန့်ကွက်ဖို့၊ ကျား-မ အခြေပြု အကြမ်းဖက်မှုတွေကို ဆန့်ကျင်ဖို့နဲ့ အမျိုးသမီးတွေအပေါ်ကိုပဲ တာဝန်ပုံကျလေ့ရှိတဲ့ ကလေးစောင့်ရှောက်ရေးလို အခကြေးငွေမရတဲ့ အလုပ်တွေကို မီးမောင်းထိုးပြဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

အိုက်စလန်ပါလီမန်အဖွဲ့ဝင်နဲ့ ဝန်ကြီးဟောင်း သရိုးဂါဒရူး ကတ်ထရင်ဂန်နာစဒေါ့တီက “လွန်ခဲ့တဲ့ ၄၈ နှစ်က တိုက်ပွဲဝင်ခဲ့တဲ့ အမျိုးသမီးတွေရဲ့ အရေးကြီးတဲ့ စွမ်းပကားတွေကို ဂုဏ်ပြုတဲ့အနေနဲ့လည်း ကျမတို့အတွက် ဒီနေ့ဟာ အလွန်အရေးကြီးတဲ့ နေ့တနေ့ ဖြစ်ပါတယ်။ ကျမတို့ရဲ့ ဘိုးဘွားတွေ၊ လူ့အဖွဲ့အစည်းမှာ တန်းတူညီမျှမှုအတွက် စံနမူနာပြုရမယ့်သူတွေ၊ တရားမျှတမှု၊ တန်းတူညီမျှမှုတွေအတွက် ရုန်းကန်ခဲ့ကြတာပါ။ ဒီကနေ့ ကျမတို့ အမျိုးသမီးတွေရဲ့ အားမာန်တွေနဲ့အတူ ကမ္ဘာကြီးကို ရှင်းလင်းတဲ့ သတင်းစကား ပေးချင်တာက တရားမျှတမှုလိုတယ်၊ လွတ်လပ်မှုလိုတယ် ဆိုတာပါပဲ။ ကျမတို့ အမျိုးသမီးတွေ အတူတကွ ရပ်တည်ဖို့ လိုအပ်သလို တကမ္ဘာလုံးက အမျိုးသားတွေလည်း ညီညွတ်စည်းလုံးဖို့ လိုအပ်ပါတယ်။ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ယောကျ်ား၊ မိန်းမ အားလုံး ကွဲပြားမှုထက်ပိုပြီး စည်းလုံးဖို့လိုတဲ့အချိန် ရောက်နေပါပြီ။”လို့ပြောပါတယ်။

အိုက်စလန်ဟာ ကျား၊ မ တန်းတူညီမျှမှုဆိုင်ရာ ကမ္ဘာ့အတိုးတက်ဆုံး နိုင်ငံတနိုင်ငံအဖြစ် သတ်မှတ်ခံထားရပြီး ကမ္ဘာ့စီးပွားရေးဖိုရမ်က ထုတ်ပြန်ထားတဲ့ ကျား၊ မ တန်းတူညီမျှရေး ကွာဟမှု အညွှန်းကိန်းမှာ ၁၄ နှစ်ဆက်တိုက် ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။

တချို့သော စက်ရုံ အလုပ်ရုံတွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ အိုက်စလန် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အနည်းဆုံး ဝင်ငွေ နှစ်ဆယ်ရာခိုင်နှုန်း လျော့နည်းနေတယ်လို့ အိုက်စလန် စာရင်းအင်းဌာနက ဆိုပါတယ်။

အိုက်စလန်နိုင်ငံသူ အမျိုးသမီး လေးဆယ်ရာခိုင်နှုန်းဟာ သူတို့ရဲ့ တသက်တာမှာ ကျား-မ အခြေပြုတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အနည်းဆုံး တကြိမ်တော့ တွေ့ကြုံခံစားဖူးတယ်လို့ အိုက်စလန်တက္ကသိုလ်က လုပ်ဆောင်တဲ့ လေ့လာမှုတခုက တွေ့ရှိခဲ့ပါတယ်။

“ဒါကို တန်းတူညီမျှမှုလို့ ခေါ်ဆိုပါသလား” ဆိုတဲ့ ကြွေးကြော်သံအောက်မှာ အိုက်စလန် အမျိုးသမီးတွေနဲ့ တတိယလိင်စိတ်ရှိသူတွေ ပါဝင်တဲ့ ဒီဆန္ဒပြမှုဟာ ၁၉၇၅ ခုနှစ်မှာ စတင်ကျင်းပခဲ့တဲ့ အမျိုးသမီးဆန္ဒပြမှုနောက်ပိုင်း ပထမဆုံး တနေကုန်သပိတ် ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013