Home
မြန်မာသတင်း
လွိုင်ကော်မြို့နေပြည်သူ  ၄၀,၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ဘေးရှောင်
DVB
·
November 17, 2023

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင်း လက်နက်ကြီးတွေ အဆက်မပြတ် ကျရောက်မှုနဲ့ မြို့ကိုစွန့်ခွာဖို့ တောင်းဆိုမှုတွေကြောင့် မြို့ခံတွေဟာ နေရပ်ကို တဖြည်းဖြည်းစွန့်ခွာလာကြပြီး ဒီကနေ့မှာဆိုရင် လွိုင်ကော်မြို့ကနေ  စစ်ရှောင်ဖို့ထွက်ခွာသူ ၄၀၀၀၀ ကျော်ရှိနေပြီလို့  ကရင်နီ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) က ထုတ်ပြန်ပါတယ်။

လွိုင်ကော်မြို့တွင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေသလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း နေရပ်မြို့ကို ခေတ္တစွန့်ခွာတိမ်းရှောင်ဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

“စစ်ရှောင်ပြည်သူတွေ တစတစနဲ့ ကရင်နီပြည်ရဲ့ မြို့တော်ဖြစ်တဲ့ လွိုင်ကော်ကနေ စတင်ထွက်ခွာလာကြပါပြီ။ ဒီနေ့မှာလည်း ပိတ်မိစစ်ရှောင်တွေကို KHAI နဲ့ နွေဦးဂုရုလေးများ အပါအဝင် မိတ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ကလေးငယ်ကစပြီး သက်ကြီးရွယ်အိုတွေ အပါအဝင် စစ်ရှောင်ဖို့ ငွေကြေးအခက်အခဲရှိသူတွေနဲ့ တိုက်ပွဲပိတ်မိသူတွေကို ကယ်တင်နိုင်ခဲ့ပါတယ်” လို့ KHAI ရဲ့ လူ့မှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ လွိုင်ကော်မြို့မှာ နေထိုင်သူ လူစာရင်း  ၅၁,၃၄၉ ‌ ဖြစ်ပြီး လူဦးရေ ၄၀,၀၀၀ ကျော် စစ်ရှောင်နေရတဲ့အတွက် မြို့ခံ ၈၀ ရာခိုင်းနှုန်းကျော် စစ်ရှောင်ကုန်တာလို့ ဆိုပါတယ်။

ဒီလို လွိုင်ကော်ကနေ ထွက်ခွာသွားတဲ့ စစ်ရှောင်တချို့ကို တောင်ကြီးအဝင်မှာ ပိတ်ထားတာတွေရှိပြီး လက်မခံတဲ့အတွက် တခြားဒေသတွေဆီ လမ်းကြောင်းပြောင်း သွားရတဲ့သူတွေလည်း ရှိနေတယ်လို့ စစ်ရှောင်တချို့က ပြောပါတယ်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့မှာ ၁၁၁၁ စစ်ဆင်ရေးအနေနဲ့ ကရင်နီ ပူးပေါင်းတပ်တွေက စတင်ဆင်နွှဲခဲ့တာဖြစ်ပြီး ဒီကနေ့ဆိုရင် ၇ ရက်မြောက်နေ့ ရှိလာပြီ ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီသေဆုံးခဲ့ရသလို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ကလည်း ၁၀ ဂဏန်း သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း မြို့ခံ အယောက်  ၄၀ ခန့် သေဆုံးခဲ့ရသလို ဒဏ်ရာရရှိသူ အများအပြား ရှိပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးကတော့  မြို့ပြစစ်ဆင်ရေးဟာ ပျက်စီးနစ်နာမှုတွေ များပြားမှာကို သိထားပေမဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် ဆင်နွှဲရတာကြောင့် ဘေးလွတ်ရာကို ယာယီတိမ်းရှောင်ပေးကြဖို့နဲ့ မကြာခင်မှာ လွတ်လပ်ပွင့်လင်းပြီး စည်ကားတိုးတက်တဲ့ လွိုင်ကော်မြို့အဖြစ် ပြန်လည်အသက်သွင်းကြမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024