DVB Logo
Home
မြန်မာသတင်း
မော်လမြိုင် ရတခစစ်ဌာနချုပ်တိုက်ခိုက်ခံရပြီး အရာရှိစစ်သည်များ သေဆုံးဒဏ်ရာရ
DVB
·
November 17, 2023
မော်လမြိုင် ရတခစစ်ဌာနချုပ်တိုက်ခိုက်ခံရပြီး အရာရှိစစ်သည်များ သေဆုံးဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စစ်ကောင်စီတပ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို  နိုဝင်ဘာ ၁၆ ရက်ညနေ ၅ နာရီခွဲလောက်က ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး   ဗိုလ်မှူးကြီးအဆင့်နဲ့ ဒုဗိုလ်မှူးကြီး အဆင့်အပါအဝင် အများအပြား ဒဏ်ရာရပြီး ဒုအရာခံဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦးတို့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ တပ်တွင်းနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ဝင်းထဲမှာ တိုင်းစစ်ဌာနချုပ် နှစ်ပတ်လည် အခမ်းအနား ကျင်းပနေစဉ် ရှားထူးဝေါ်နည်းပညာ တပ်ဖွဲ့ ၊ Alpha Bats တပ်ခွဲနဲ့ နယ်ခံ ERO တပ်ဖွဲ့တို့ ပူးပေါင်းပြီး Kamikaze Drone နှစ်စင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ရတခ တိုင်းခန်းမလျှောက်လမ်းနဲ့ ယာဉ်ရပ်နားဝင်းအတွင်းသို့  ဒရုန်း ကျရောက် ပေါက်ကွဲရာ စစ်ကောင်စီတပ်က နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့ (နဗဟ၂) မှ ဗိုလ်မှူးကြီး ဇော်လင်းထွန်း (စိုးရိမ်ရ)၊ ခမရ ၅၅၇ မှ ဒုဗိုလ်မှူးကြီး ခန့်နောင် (စိုးရိမ်ရ) တို့ ပြင်းထန်ဒဏ်ရာရခဲ့သလို  ခမရ ၅၅၆ မှ ဒုဗိုလ်မှူးကြီး ဝင်းနောင်ထွန်း (မစိုးရိမ်ရ)၊ ခလရ ၁၉ မှ ဒုဗိုလ်မှူးကြီး ကျော်မင်းထွန်း (မစိုးရိမ်ရ) ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ခမရ ၃၄၁ မှ ဧည့်ခံရေးတာဝန်ကျ တပ်သားဟိန်းလွင်စိုးနဲ့ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (စအရ ခွဲ၂/ ၉၁၈) မှ ဒုအရာခံဗိုလ် ဝင်းထိန်တို့ သေဆုံးခဲ့တယ်လို့  တပ်တွင်းနဲ့ နီးစပ်သူက ပြောပါတယ်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းနှစ်ပတ်လည် အခမ်းအနားကို ရတခတိုင်းမှူး အပါအဝင် တိုင်းလက်အောက်ခံ တပ်မတွေ၊ စကခတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေက အရာရှိ အရာခံတွေ တက်ရောက်ကြပြီး DKBAနဲ့ BGF တပ်ဖွဲ့တွေလည်း တက်ရောက်ကြတယ်လို့ သိရပါတယ်။

အရှေ့တောင်တိုင်းဌာနချုပ်အတွင်းကို ဒရုန်းနဲ့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က လည်း ပြန်လည်ပစ်ခတ်တာရှိပါတယ်။ 

“လက်နက်ကြီးက တိုင်းစစ်ဌာနချုပ်ထဲကိုတစ်လုံးကျတယ်။ ရခိုင်ကုန်းဈေးအနီးမှာ ထပ်မံတစ်လုံးကျပါတယ်”လို့   စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ မော်လမြို့ဒေသခံကပြောပါတယ်။

အခုရက်ပိုင်းအတွင်း မော်လမြိုင်မြို့တွင်း အဝင်အထွက်တွေကို အရင်ကထက် လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားက နေအခုလို တိုက်ခိုက်ခံနေရတာပါ ။

တိုက်ခိုက်မှုအပြီး တိုင်းစစ်ဌာနချုပ်ရှေ့မှာ လမ်းသွားလမ်းလာတွေကို  စစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်ရက်ညကလည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ပထမအကြိမ် ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရထားပါတယ်။

လက်ရှိတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ တိုင်းမှူးမှာ ဗိုလ်ချုပ်မြတ်သက်ဦး ဖြစ်ပြီး ဩဂုတ်လ လလယ်ပိုင်းက စတင်ပြီး စစ်ကောင်စီက အသစ်ခန့်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013