DVB Logo
Home
အားကစား
ဂျပန်ကိုရှုံးသည့်ပွဲ၌  ခံစစ်ကစားသွားသည့် မြန်မာကစားသမားများကို နည်းပြချီးကျူး
DVB
·
November 17, 2023
ဂျပန်ကိုရှုံးသည့်ပွဲ၌  ခံစစ်ကစားသွားသည့် မြန်မာကစားသမားများကို နည်းပြချီးကျူး
Donate to DVB

ဂျပန်လက်ရွေးစင်အသင်းကို  ၅ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ  ခံစစ် ဦးစားပေးပြီး အကောင်းဆုံး ကြိုးစားသွားခဲ့ကြတဲ့ မြန်မာ့လက်ရွေးစင်ကစားသမားတွေကို မြန်မာအသင်းရဲ့ နည်းပြချုပ် မိုက်ကယ် ဖက်ချ်တန်ဘိုင်နာက ချီးကျူးလိုက်ပါတယ်။ 

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) ဒုတိယအဆင့် အုပ်စုပွဲစဉ်တွေကို နိုဝင်ဘာ ၁၆ ရက် ညနေက ဂျပန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့ရာ  မြန်မာလက်ရွေးစင်အသင်းက ဂျပန်လက်ရွေးစင်အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

ဂျပန်အသင်းဟာ အာရှအင်အားကြီးအသင်းပီပီ ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းလောက်နဲ့ မြန်မာအသင်းကိုဂိုးပေါက်ကန်သွင်းခွင့်တကြိမ်မှ မပေးရတဲ့အထိ တဖက်သက်ဖိကစားခဲ့ပြီး ပထမပိုင်းမှာ သွင်းဂိုး ၃ ဂိုး နဲ့ ဒုတိယပိုင်းမှာ ၂ ဂိုးသွင်းယူခဲ့ပြီး ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

ဂျပန်အသင်းအတွက်ဂိုးတွေကို ဥရောပကလပ် ဖီ‌ယင်နော့မှာကစားနေတဲ့ ယူအီဒါက ဟက်ထရစ်သုံးဂိုးသွင်းယူခဲ့ပြီး လာဇီယိုကွင်းလယ်ကစားသမား ကာမာဒါနဲ့ ဖရိုင်းဘက်ကစားသမား ဒိုအမ်တို့က တဂိုးစီသွင်းယူခဲ့ပါတယ်။

မြန်မာအသင်းကတော့ တသင်းလုံးခံစစ်နဲ့ ကစားသွားခဲ့တာနဲ့ပတ်သက်လို့  ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် မိုက်ကယ် ဖက်ချ်တန်ဘိုင်နာက မြန်မာဘောလုံးသမားတွေကို ချီးကျူးစကားပြောဆိုခဲ့တာပါ။

"ဒီနေ့ပွဲအတွက် ခံစစ်ကို ဦးစားပေး ပြီး အတတ်နိုင်ဆုံး ပေးဂိုးနည်းအောင် စီစဉ်ထားခဲ့ပါတယ်။ ဒီပွဲ အတွက်က ကျနော်တို့မှာ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ ဂျပန်အသင်းလို ကမ္ဘာ့အဆင့် အသင်းတစ်သင်းကို  သူ့အိမ်ကွင်းမှာ အနိုင်ရဖို့၊ အမှတ်ယူဖို့ဆိုတာတွေကို မျှော်လင့်မထားပါဘူး။ ကျနော်တို့ လက်တွေ့ဆန်ဆန်ပဲ  ဆုံးဖြတ်ပါတယ်။  ဒါကြောင့် ခံစစ် ဦးစားပေးပြီး အကောင်းဆုံး ကြိုးစားသွားခဲ့ကြတဲ့ ကစားသမားတွေကို ချီးကျူးပါတယ်။  နောက်ပွဲတွေ ကြုံတွေ့ ရမယ့်  မြောက်ကိုရီးယား၊ ဆီးရီးယားတို့က အင်အားကြီး အသင်းတွေ ဆိုပေမဲ့ ဒီနေ့ ကစားရတဲ့ ဂျပန်ထက်စာရင် ကျနော်တို့ အခွင့်အရေး ရှိနေပါတယ်။ နိုဝင်ဘာ ၂၁ ရက်၊ ရန်ကုန်မှာ မြောက်ကိုရီးယား အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ဒီနေ့ပွဲ နဲ့တော့ အစစအရာရာ ကွာခြားပါလိမ့်မယ်၊ မတူညီတဲ့ ချဉ်းကပ်ပုံမျိုးနဲ့ ကျနော်တို့ ပြိုင်ဘက်ကို ရင်ဆိုင်မှာပါ၊  ဂျပန်အသင်းနဲ့ ဒီနေ့ ပွဲလိုခံစစ်ပုံစံမျိုး မဟုတ်ဘဲ မတူညီတဲ့ဟန်နဲ့ ကစားမှာပါ။ မြောက်ကိုရီးယားဆီကနေ အမှတ်ရအောင် ယူဖို့ကြိုးစားပါမယ်။ ဒါက ကျနော်တို့ မျှော်လင့်ချက်ပါ"

မြန်မာအသင်းဟာ အုပ်စု ခ မှာ အာရှအင်အားကြီးအသင်းတွေဖြစ်တဲ့ ဂျပန်၊ မြောက်ကိုရီးယားနဲ့ ဆီရီးယားတို့ပါဝင်တဲ့ အုပ်စုကြပ်ထဲမှာကျရောက်နေပါတယ်။

ဂျပန်အသင်းနဲ့ မြန်မာအသင်းတို့ဟာ ၂၀၂၁တုန်းကလည်း ကမ္ဘားဖလားခြေစစ်ပွဲဒုတိယအဆင့်မှာ တွေ့ဆုံခဲ့ဖူးပြီး ဂျပန်အသင်းက ၁၀ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

မြန်မာလက်ရွေးစင်အသင်းဟာ ‌အုပ်စု ခ ဒုတိယပွဲစဉ်အဖြစ် မြောက်ကိုရီးယားအသင်းနဲ့ နိုဝင်ဘာ ၂၁ရက်နေ့မြန်မာစံတော်ချိန် ၄နာရီခွဲမှာ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

photo-MFF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013