
ရန်ကုန်၊ အင်းစိန်မြို့နယ်၊ သာကေတမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်တို့မှာ ဖွင့်လှစ်ရောင်းချနေတဲ့ ဆီဆိုင်လုပ်ငန်း ၃ ခုဟာ စက်သုံးဆီရှိလျက်နဲ့ မရောင်းချပေးတာကြောင့် အရေးယူခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီကြီးကြပ်ရေးကော်မတီက နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
အရေးယူခံရတဲ့ ဆိုင်တွေထဲမှာ Denko (ရွှေပြည်သာ)၊ Denko (အောင်ဆန်း)၊ YP (သာကေတ) နဲ့ PT Power (သာကေတ) တို့ ပါဝင်တဲ့အပြင် လမ်းဘေးဖွင့်လှစ်ရောင်းချနေတဲ့ ဆီဆိုင်ငယ်လေးတွေကို ဈေးတင်ရောင်းချလို့ဆိုကာ စစ်ကောင်စီရဲတွေက လောင်စာဆီပုံးတွေ သိမ်းယူသွားတာနဲ့ ထပ်မဖွင့်ခိုင်းတာတွေ ရှိနေပါတယ်။
ရန်ကုန်မှာ 92၊ 95 စက်သုံးဆီတွေဟာ နိုဝင်ဘာ ၁၁ ရက်ကတည်းက ဆီဆိုင်အများစုမှာ ဝယ်ယူလို့မရခဲ့တာဖြစ်ပြီး ရောင်းချပေးနေတဲ့ ဆိုင်တွေမှာလည်း ဆီရရှိဖို့ ကားတွေဟာ နာရီအတော်ကြာ တန်းစီစောင့်ဆိုင်းခဲ့ရပါတယ်။
အရေးယူခံရတဲ့ဆီဆိုင်မှ ဝန်ထမ်းတဦးက “ဆီတန်းရတာက ဆီဈေး နည်းနည်းပြန်ကျသွားရာကနေ စတာ။ ဒီလိုမျိုး ၉ လပိုင်းကလည်း တခါဖြစ်သေးတယ်။ ဆိုင်ကို စစ်ဆေးရယ်လို့ လာတာတော့ မတွေ့ရဘူး။ ဒီဇယ်တော့ နေ့တိုင်းရပါတယ်။ 92၊ 95 ပြန်ဝင်တာတော့ မနေ့ကတည်းကပဲ။ ဘယ်လိုအရေးယူမယ်တော့ ကျနော်တို့ သိခွင့်မရပါဘူး။ တာဝန်ခံကို ဖုန်းဆက်အကြောင်းကြားတာလို့ပဲ သိရသေးတယ်” လို့ ပြောပါတယ်။
ဆီဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့မရတာကြောင့် ယာဉ်တွေနဲ့ ဆိုင်ကယ်တွေဟာ ပြင်ပလမ်းဘေးဆီဆိုင်တွေက ဆီတွေကို ဝယ်ယူသုံးစွဲခဲ့ရပြီး အဆိုပါဆိုင်တွေမှာပါ 92 အောက်တိန်း တလီတာကို ကျပ် ၄,၅၀၀ အထိ မြင့်တက်သွားခဲ့ပါတယ်။
လမ်းဘေးစက်သုံးဆီဘူးရောင်းသူတဦးက “တနေ့ကအထိ ဒီမှာက ၄,၅၀၀။ ရွှေပြည်သာဘက်မှာ ၅,၀၀၀ အထိ တက်သွားသေးတယ်။ ဒီနေ့ တဘူး ၃,၀၀၀။ ဆီပြတ်သွားတဲ့နေ့ကဆို ထိန်းရောင်းရတာပေါ့။ အဓိကဝယ်တာ ကယ်ရီသမားတွေ။ လမ်းမဘက် ဆိုင်ကယ်တွေဖမ်းတော့ ဆိုင်ကြီးတွေဆီ မသွားကြတော့ဘူး။ ဆီက အရောင်းပဲ ရှိတယ်။ ဆိုင်တွေကနေ ပြန်ဝယ်လို့ မရသေးဘူး။ အဖမ်းအဆီးတော့ရှိတယ်။ နာမည်ထွက်တာနဲ့ ဆိုင်တွေ နေရာပြောင်းပေးရတယ်။ ဈေးတင်ရောင်းလို့ သိမ်းခံရတဲ့ ဆိုင်တွေလည်းရှိတယ်။ ဆီပုံးတွေ ခုံတွေ ကားပေါ် ဆွဲတင်သွားကြတာ။ ရဲတွေ လိုက်ထရပ်ကားနဲ့ လာတာ” လို့ ပြောပါတယ်။
ဆီမရောင်းချပေးတဲ့ စက်သုံးဆီဆိုင်လုပ်ငန်း ၃ ခုရဲ့ ဆိုင် ၄ ဆိုင်ဟာ ရေနံနဲ့ ရေနံထွက်ပစ္စည်းဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူခံထားရပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှာ စက်သုံးဆီဈေးဟာ 92 Ron ၂,၁၃၀ ကျပ်၊ 95 Ron ၂,၂၅၀ ကျပ်၊ ဒီဇယ်ရိုးရိုး ၂,၁၄၅ ကျပ်နဲ့ ပရီမီယံဒီဇယ် ၂,၂၅၀ ကျပ်တို့ ဖြစ်တယ်လို့ သိရပါတယ်။