DVB Logo
Home
အားကစား
ဂျပန်အသင်းက မြန်မာကို ၅ ဂိုးပြတ်အနိုင်ရ
DVB
·
November 16, 2023
ဂျပန်အသင်းက မြန်မာကို ၅ ဂိုးပြတ်အနိုင်ရ
Donate to DVB

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ အာရှဇုန်၊ ဒုတိယအဆင့်အုပ်စုပွဲစဉ်အဖြစ် ဂျပန်အသင်းနဲ့ မြန်မာ့လက်ရွေးစင်အသင်းတို့ နိုဝင်ဘာ ၁၆ ဒီကနေ့ညနေ ၄ နာရီခွဲက ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင် ဂျပန်အသင်းက မြန်မာအသင်းကို (၅-၀) ဂိုးနဲ့  အနိုင်ရသွားပါတယ်။

ပွဲချိန်တလျှောက်လုံး ဂျပန်အသင်းက မြန်မာအသင်းကို တဖက်သတ် ဖိအားပေး ကစားသွားခဲ့ပြီး မြန်မာအသင်းက တသင်းလုံးဆင်းကာ ခံစစ်ကစားသွားခဲ့ရာမှာ အိမ်ရှင် ဂျပန်အသင်းက ပထမပိုင်းမှာ ၃ ဂိုး၊ ဒုတိယပိုင်းမှာ ၂ ဂိုး သွင်းယူပြီး ၅ ဂိုးပြတ် အနိုင်ရသွားတာ ဖြစ်ပါတယ်။

ဂျပန်အသင်းနဲ့ပွဲစဉ်မှာ အစောပိုင်းမိနစ်တွေမှာ ဂိုးမပေးရဖို့ ကြိုးစားသွားမယ်လို့ မြန်မာအသင်းနည်းပြ ဖက်ချ်တန်ဘိုင်နာက မနေ့က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာအသင်းနည်းပြ ဖက်ချ်တန်ဘိုင်နာက “ကျနော်တို့အုပ်စုမှာ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားပါတော့ လက်ရှိ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေအရဆို အောက်အသင်း Under Dog ပါ။ ဒါကလည်း ကျနော်တို့ကို အခွင့်‌အရေးတွေကို ဖန်တီးနိုင်စွမ်း ရှိလာလိမ့်မယ်။ ဂျပန်နဲ့ပွဲစဉ်မှာ အတတ်နိုင်ဆုံး ပထမပိုင်းရဲ့ အစောပိုင်းမိနစ်တွေမှာ လုံးဝဂိုးမပေးရဖို့ ကြိုးစားရပါမယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး မြန်မာနည်းပြက ကမ္ဘာ့ဖလားဝင်ခွင့် အရေအတွက် တိုးလာတာဟာ အသင်းငယ်လေးတွေအတွက် ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက် ပိုများလာပေမဲ့ မြန်မာအသင်းအတွက် လက်တွေ့မဆန်တဲ့အတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ဖို့ထက် အာရှဖလားအတွက် ပစ်မှတ်ထားတာက ပိုပြီးသဘာဝကျပါတယ်လို့ ပြောသွားပါ‌သေးတယ်။

ဂျပန်က နာမည်ကျော်ကစားသမားတွေပါဝင်တဲ့ အင်အားကြီးအသင်းဖြစ်ပေမဲ့ မြန်မာအသင်းအတွက် ရလဒ်ကောင်းတခု‌ရအောင် ကြိုးစားသွားမယ်လို့ မြန်မာအသင်းခေါင်းဆောင် မောင်မောင်လွင်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

“လွန်ခဲ့တဲ့ ၂ နှစ်က ၁၀ ဂိုးပြတ်နဲ့ ဒီမှာ အရေးနိမ့်ခဲ့ရပေမဲ့ အဲဒီတုန်းက အခြေအနေနဲ့ လက်ရှိအခြေအနေ မတူပါဘူး။ အဲ့ဒီကာလမှာ ကျနော်တို့ လိဂ်ပွဲတွေ မကစားခဲ့ရဘဲနဲ့ ဘာပြိုင်ပွဲမှမရှိဘဲ ဂျပန်ကို ရင်ဆိုင်ရတာပါ။ အခုအချိန်မှာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား လိဂ်တွေမှာလည်း သွားရောက်ကစားနေကြသလို မြန်မာနေရှင်နယ်လိဂ်လည်း ကစားနေပါပြီ။ ကစားသမားတွေ စွမ်းဆောင်မှု အရင်ကထက် ပိုကောင်းလာပါတယ်။ ကစားဖော်တွေကိုလည်း မနက်ဖြန်မှာ သူတို့ စွမ်းဆောင်ပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ မြန်မာအသင်းခေါင်းဆောင် မောင်မောင်လွင်က ပြောပါတယ်။

မြန်မာအသင်းဟာ ကမ္ဘာ့‌ဖလားခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့် အုပ်စု ခ မှာ‌ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီရီးယားတို့ ပါဝင်တဲ့ အုပ်စုကျပ်အတွင်း ကျရောက်နေပါတယ်။

Photo-MFF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013