DVB Logo
Home
မြန်မာသတင်း
မြန်မာပဋိပက္ခ တိုးမြင့်လာသည့်အပေါ် ကုလအတွင်းရေးမှူးချုပ် စိုးရိမ်၊ အရပ်သားများကို ကာကွယ်ပေးရန် တောင်းဆို
DVB
·
November 16, 2023
မြန်မာပဋိပက္ခ တိုးမြင့်လာသည့်အပေါ် ကုလအတွင်းရေးမှူးချုပ် စိုးရိမ်၊ အရပ်သားများကို ကာကွယ်ပေးရန် တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံမှာ ကျယ်ပြန့်လာနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်ကြောင်းနဲ့ သက်ဆိုင်သူတွေအားလုံး နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာပြီး အရပ်သားတွေကို အစွမ်းကုန် အကာအကွယ်ပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အန်တိုနီယို ဂူတာရက်စ်က တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တကျော့ပြန်ဖြစ်နေတဲ့ စစ်ပွဲတွေအပါအဝင် လက်ရှိ မြန်မာနိုင်ငံမှာ ဒေသအနှံ့အပြားမှာ  စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ရာမှာ ပြောကြားလိုက်တာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် အာဆီယံအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့အတူ လက်တွဲဆောင်ရွက်သွားဖို့လည်း အတွင်းရေးမှူးချုပ်က ကတိပြုထားတယ်လို့ဆိုပါတယ်။ 

ဒါ့အပြင် လမ်းကြောင်းတွေ အားလုံးကတဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ အတားအဆီးမရှိ ဝင်ရောက်ခွင့်ကိုလည်း တောင်းဆိုထားကာ ကုလသမဂ္ဂအေဂျင်စီတွေ၊ လုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်းတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက်လည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေဟာ နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေတွေအရ အကာအကွယ်ရသင့်ပြီး ဥပဒေချိုးဖောက်သူတွေ တာဝန်ခံရမယ်လို့လည်း ကုလသမဂ္ဂအကြီးအကဲက ပြောပါတယ်။

အတွင်းရေးမှူးချုပ်အနေနဲ့ အားလုံးပါဝင်တဲ့ တရားမျှတပြီး ငြိမ်းချမ်းတဲ့ အနာဂတ်တစ်ခုအတွက် မြန်မာပြည်သူတွေနဲ့အတူ သူတို့ရဲ့ ပြင်းပြတဲ့ ဆန္ဒတွေနဲ့အတူ သွေးစည်းညီညွတ်စွာ တသားတည်း ရှိနေတယ်လို့လည်း ထပ်လောင်းပြောကြားထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ  ပြီးခဲ့တဲ့အောက်တိုဘာလကုန်က တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး အခုအခါမှာတော့ နိုင်ငံရဲ့ အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာပါ ပျံ့နှံ့ ဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ ဒေသခံလက်ခံအသိုင်းအဝိုင်းက အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

မြို့ပြဧရိယာတွေမှာတောင် ပြင်းထန်တဲ့တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှု ဒဏ်ကြောင့် ထိခိုက်ရပြီး နိုဝင်ဘာလ ၁၄ ရက်အထိ အခြေအနေအရ၊ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လူဦးရေ ၂၀၀၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူအများအပြားဟာ တရုတ်နိုင်ငံ ဦးတည်သွားရောက်နေကြတယ်လို့ UNOCHA က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာပဲ ရှမ်းပြည်မြောက်ပိုင်းက ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကရင်နီပြည်နယ်က တော်လှန်ရေးအင်အားစုတွေရဲ့ ၁၁၁၁ စစ်ဆင်ရေး၊ မြန်မာပြည် အနောက်ခြမ်း ရခိုင်ပြည်နယ်မြောက်ပိုင်းက ရက္ခိုင့်တပ်တော်(အေအေ) နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဟာ ခပ်စိပ်စိပ် ဖြစ်လာနေပြီး တနိုင်ငံလုံး စစ်ရေးပဋိပက္ခ အရှိန်မြှင့်နေခဲ့တာ ဖြစ်ပါတယ်။

ကယားပြည်နယ်ရှိ လွိုင်ကော်မြို့ပေါ်မှလည်း တိုက်ပွဲတွေဖြစ်ပွားနေရာ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာပြေးကြရတဲ့သူပေါင်း  ၂ သန်းကျော်သွားပြီလို့လည်း ကုလသမဂ္ဂ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

PHOTO-UN

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013