DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တိုက်ပွဲ၌ KNDF ရဲဘော် ၁ ဦး ကျဆုံး၊ စစ်တပ်လက်နက်ကြီးကြောင့် ကလေး အပါအဝင် ၃ ဦးသေဆုံး
DVB
·
November 16, 2023
လွိုင်ကော်တိုက်ပွဲ၌ KNDF ရဲဘော် ၁ ဦး ကျဆုံး၊ စစ်တပ်လက်နက်ကြီးကြောင့် ကလေး အပါအဝင် ၃ ဦးသေဆုံး
1 / 2
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်မြို့တော် လွိုင်ကော်မှာ ဖော်ဆောင်နေတဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၈ က ရဲဘော် ဟင်နရီ ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အသက် ၂၀ သာရှိသေးတဲ့ ရဲဘော်ဟင်နရီဟာ နိုဝင်ဘာ ၁၄ ရက်နေ့မှာ လွိုင်ကော်မြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကြောင့် ကျဆုံးခဲ့ရတာလို့ သိရပါတယ်။

ရဲဘော်တဦးက “ကံတရားက အသက်ငယ်တာ၊ ကြီးတာတွေကို မရွေးဘူး။ ဒါပေမဲ့ ကောင်းနေရင် ကံက ပိုကြိုက်တတ်တယ်။ ကောင်းရာဘုံဘဝကို ရောက်ပါစေလို့ ဆုတောင်းပါတယ်” လို့ ပြောပါတယ်။

ရဲဘော်ဟင်နရီဟာ ရှေ့တန်းတိုက်ပွဲများစွာမှာ စစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့တဲ့သူတဦးဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် အသက်ကို ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကိုတိုက်ထုတ်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့ ကွန်မန်ဒိုရဲဘော် ဟင်နရီကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်မှာ ဖော်ဆောင်နေတဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဘက်က အယောက် ၁၀၀ ကျော် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ရဲဘော်တချို့ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်မှာ လွိုင်ကော်ရှေ့ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီး ၁၂၀ မမ ၃ လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နမ့်ကွတ်မှ စစ်ရှောင်လာတဲ့ အသက် ၁၇ နှစ်အရွယ်တဦး လက်နက်ကြီးကျည်စ နံရိုးထိဖောက်ဝင်ကာ သေဆုံးခဲ့ပါတယ်။

ဒါ့အ​ပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုင်းလုံးရပ်ကွက်မှာ သားအမိ ၂ ဦး သေဆုံးခဲ့ပြီး ကလေးတဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ခံတဦးက “စစ်တပ်က လက်နက်ကြီးတွေနဲ့ မြို့ပေါ်ကိုပစ်တာတွေ၊ လေယာဥ်နဲ့ ဗုံးကြဲတာတွေ လုပ်ပါတယ်။ မြို့အဝင်အထွက်လမ်းတွေကိုလည်း ပိတ်ထားတယ်။ ထွက်လို့လည်း ပစ်ခံရတာရှိသလို အိမ်ထဲမှာပဲနေရင်း လက်နက်ကြီးကျတဲ့အခါ ထိခိုက်တာတွေရှိတယ်။ မြို့ပေါ်မှာလည်း အိမ်​တွေထဲမှာ ပြည်သူတွေ ပိတ်မိနေတာတွေ ရှိတော့ လက်နက်ကြီးကျတဲ့အခါ မိသားစုလိုက် သေဆုံးတာတွေလည်း ရှိပါတယ်။ နိုဝင်ဘာလ ၁၄ ရက်နေ့က ပိုးဇာခြံမှာ လက်နက်ကြီးကျလို့ အမေရော ကလေးတွေပါ သုံးဦးလုံး ဆုံးသွားတာလည်း ရှိပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူတွေကတော့ များပါတယ်။ သေဆုံးတဲ့ထဲမှာဆို ကလေးငယ်တွေရော သက်ကြီးရွယ်အိုတွေရော ပါပါတယ်” လို့ ပြောပါတယ်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်က သွားလာနေတဲ့ ပြည်သူတွေကို ပစ်ခတ်တာတွေ၊ မြို့အဝင်အထွက် လမ်းတွေကို ပိတ်ပင်ထားတာ၊ လေကြောင်း၊ လက်နက်ကြီးတွေ အဆမတန် အသုံးပြုပြီး လူထုတွေကို ပစ်ခတ်တာတွေ ပြုလုပ်နေတာကြောင့် အရပ်သားပြည်သူ သေဆုံးမှုတွေ ဆက်လက်မြင့်တက်နေပြီး နိုဝင်ဘာ ၁၁ ရက်ကနေ ၁၅ ရက်အတွင်း ထိခိုက်သေဆုံးသူ ၃၈ ဦးနဲ့အထက် ရှိနိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013