DVB Logo
Home
မြန်မာသတင်း
ငပလီတွင် ပိတ်မိနေသည့် ခရီးသွားများကို ကုန်းလမ်းနှင့် လေကြောင်းမှ ပြန်ခွင့်ပြု
DVB
·
November 16, 2023
ငပလီတွင် ပိတ်မိနေသည့် ခရီးသွားများကို ကုန်းလမ်းနှင့် လေကြောင်းမှ ပြန်ခွင့်ပြု
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေမှာ ပိတ်မိနေတဲ့ ခရီးသွားတွေကို ကုန်းလမ်းနဲ့ လေကြောင်းက ပြန်ခွင့်ပေးလိုက်ပြီလို့ သံတွဲခရိုင်၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။

သံတွဲခရိုင်၊ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ နီးစပ်သူတဦးက“ကိုယ်ပိုင်ကားတွေနဲ့ လာတဲ့သူတွေကိုတော့ မနေ့တုန်းက အရေအတွက်စိစစ်ပြီး ပြန်ခွင့်ပေးနေတာပါ။ ဥပမာ ရန်ကုန်ပြန်မယ့်ခရီးသည် ဘယ်နှစ်ယောက်ရှိလဲ၊ သူတို့ရဲ့ ကားနံပါတ်နဲ့ မိသားစုဝင်ဘယ်နှစ်ယောက် ပြန်မယ်ဆိုတာမျိုး၊ စာရင်းလေး အတိအကျ ကောက်တာပါ။ အကန့်အသတ်နဲ့ ပြန်ရမှာတော့ မဟုတ်ပါဘူး။ ပိတ်မိနေတဲ့ ဧည့်သည်တွေထဲက ကိုယ်ပိုင်ကားနဲ့ လာရောက်သူတွေအပြင် လေယာဉ်နဲ့ ပြန်ချင်တဲ့သူတွေလည်း ပြန်လို့ရပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ မြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် (အေအေ) က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီဘက်က ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို နိုဝင်ဘာ ၁၃ ရက်ကစပြီး ပိတ်လိုက်တဲ့အတွက် ငပလီကမ်းခြေမှာ အပန်းဖြေလာရောက်နေတဲ့ ပြည်တွင်းခရီးသွားဧည့်သည် ၅,၀၀၀ ကျော်နဲ့ နိုင်ငံခြားသား ၁၀၀ နီးပါးခန့် ပိတ်မိနေခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက်ကစပြီး ပြန်ခွင့်ရတဲ့ ဧည့်သည်တွေအနေနဲ့ သံတွဲ-ဂွ-ငသိုင်းချောင်း လမ်းကနေ ပြန်ရမှာဖြစ်ပြီး လက်ရှိမှာ ဂွမြို့နယ်အတွင်း ပိတ်မိနေတဲ့သူတွေမှာ နေရပ်ပြန်နေကြပြီဖြစ်ကာ ငပလီကဧည့်သည်တွေအနေနဲ့ ထွက်ခွာခွင့်ရဖို့အတွက် ခွင့်ပြုချက်ရရှိနိုင်ဖို့ စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်ကို အလည်ပတ်လာရောက်ကြမယ့် ခရီးသွားတွေအနေနဲ့ ဧရာဝတီတိုင်းဘက်က ဆက်သွယ်ထားတဲ့ ငသိုင်းချောင်း-ဂွ-သံတွဲလမ်း၊ ပဲခူးတိုင်းဘက်က ဆက်သွယ်ထားတဲ့ ပြည်-တောင်ကုတ်လမ်းနဲ့ မကွေးတိုင်းဘက်က ဆက်သွယ်ထားတဲ့ မင်းဘူး-အမ်း လမ်းမသုံးခု ရှိတာဖြစ်ပြီး အဲဒီလမ်းပိုင်း သုံးခုစလုံးကို စစ်ကောင်စီက နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းကတည်းက ကြိုတင်ကြေညာတာမရှိဘဲ ရုတ်တရက် ပိတ်သိမ်းလိုက်တာပါ။

လက်ရှိမှာ ကိုယ်ပိုင်ကားတွေနဲ့ လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအနေနဲ့ နေရပ်ပြန်နိုင်ဖို့ စီစဉ်နေကြပြီး မပြန်နိုင်သေးတဲ့ တချို့ခရီးသည်တွေလည်း ကျန်ရှိနေကြောင်း သိရပါတယ်။

ဒါ့အပြင် ရေလမ်းကြောင်းခရီးစဉ်တွေကိုလည်း ရပ်နားထားဖို့ စစ်ကောင်စီက အကြောင်းကြားလာတဲ့အတွက် စစ်တွေ-ပေါက်တော-မင်းပြား၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်-မောင်တောနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းကို ပြေးဆွဲနေတဲ့ ခရီးစဉ်တွေကို နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းကစပြီး ဖျက်သိမ်းလိုက်ကြောင်း ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013