
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်ကို စစ်အာဏာရှင်တပ်က လေယာဉ်အုပ်စုလိုက် သုံးပြီး ဩဂုတ် ၃ ရက် မနက်ပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် ဒဏ်ရာရပြီး နေအိမ် ၁၅ လုံးနဲ့ ဟိုတယ် ဘန်ဂလိုတလုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငပလီမြို့ ဂျိတ္တော အမှတ် ၉ ရပ်ကွက်ကို စစ်အာဏာရှင်တပ်က မနက် ၁၀ နာရီ ၂၀ မိနစ်က ဂျက်တိုက်လေယာဉ် ၄ စင်း၊ Y-12 တစင်းနဲ့ ဗုံးအလုံးရေ ၅၈ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ဂျိတ္တောဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်နဲ့ ဟိုတယ် ဘန်ဂလိုတလုံး ပျက်စီးသွားတယ်လို့ ငပလီမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“မနက်က ဗုံးကြဲသွားတာ အရမ်းကြောက်ဖို့ကောင်းတယ်။ ဂျက်ဖိုက်တာ ၄ စင်းနဲ့ Y-12 တစင်းကနေ ဗုံးအလုံးရေ ၅၈ လုံး ကြဲချသွားတာ။ ဒေသခံ အသေအပျောက်တော့ မရှိဘူး။ ၂ ယောက် ဒဏ်ရာရရှိခဲ့တာ ရှိတယ်။ ကမ်းခြေက အိမ် ၁၅ ဆောင် ပျက်စီးသွားတယ်။ ဟိုတယ် ဘန်ဂလိုတလုံး ပျက်စီးသွားတယ်။ တခါမှ ဒီလိုဗုံးကြဲတာနဲ့ မကြုံဖူးသေးဘူး။”
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသွားသူ အမျိုးသား ၂ ယောက်ဟာ ဆေးကုသမှု ခံယူနေကြရတယ်လို့ ငပလီဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ သံတွဲမြို့နယ် ငပလီမြို့ ဂျိတ္တောရပ်ကွက်ကို ဩဂုတ် ၃ ရက် မနက် ၁၀ နာရီ မိနစ် ၂၀ ကနေ ၁၀ နာရီ ၄၅ မိနစ်အထိ ၂၅ မိနစ်ကြာ လေယာဉ် ၅ စီးနဲ့ ဗုံးကြဲသွားတာလို့ ငပလီမြို့ခံတွေက ပြောပါတယ်။
လက်ရှိမှာ ဂျိတ္တောရပ်ကွက်က ဒေသခံတွေဟာ ဗုံးကြဲမှုတွေ ဆက်တိုက်ရှိနေတာကြောင့် ကိုယ့်ရဲ့နေအိမ်တွေမှာ မနေရဲတော့ဘဲ တခြားရပ်ကွက်တွေရှိ ဆွေမျိုးတွေရဲ့ နေအိမ်တွေနဲ့ ဘေးကင်းရာတွေမှာ ရွှေ့ပြောင်းပြီး နေထိုင်နေကြရတယ်လို့ ငပလီမြို့ခံတွေက ပြောပါတယ်။
ဇူလိုင် ၂၃ ရက်ကလည်း ငပလီမြို့ ဂျိတ္တောရပ်ကွက်ကို စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရဟန်းနဲ့ ကလေးတယောက် အပါအဝင် ၆ ယောက် ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း၊ နေအိမ်နဲ့ ဘန်ဂလိုတချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
သံတွဲ့မြို့နယ် ရွှေလှေကျေးရွာရှိ ဆေးရုံအနီးပတ်ဝန်းကျင်ကို ဇူလိုင် ၃၁ ရက်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင် ၃ ယောက်နဲ့ ဆိုင်ဝန်ထမ်းတယောက် သေဆုံးပြီး အမျိုးသား ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ်နဲ့ ကားတချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။










