
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ မြန်မာစီးပွားရေးဘဏ်ကနေ သိမ်းဆည်းရမိတဲ့ ငွေသား လက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၂ ဒသမ ၃၄၃ ကို လတ်တလောမှာ ခရိုင်ပြန်တည်ထောင်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးချသွားမှာဖြစ်ပြီး တော်လှန်ရေးအလွန် ကာလမှာတော့ ငွေအပ်နှံထားတဲ့ ပြည်သူတွေဆီကို စာရင်း အတိအကျ ပြန်လည်ပေးအပ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
လက်ရှိအချိန်ထိ သိမ်းဆည်းရမိတဲ့ အစိုးရပိုင် ဘဏ္ဍာရေးငွေကြေးတွေနဲ့ ပြည်သူတွေရဲ့ စုဆောင်းငွေကို ကောလင်းခရိုင်အတွင်းက အရေးပေါ်လိုအပ်တဲ့ ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေးနဲ့ ပြန်လည် ထူထောင်ဖို့အတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးချသွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က နိုဝင်ဘာလ ၁၅ ရက်မှာ ပြုလုပ်ခဲ့တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် အစုရှယ်ရာ အကြိုရောင်းချခြင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်၊
ဝန်ကြီးဦးတင်ထွန်းနိုင်က “အဓိက က ကျနော်တို့က တော်လှန်ရေးဆောင်ရွက်နေတာဖြစ်တယ်။ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကနေ ဆောင်ရွက်စရာရှိတဲ့ ငွေစာရင်းခေါင်းစဉ်အလိုက် သူတို့ ဆောင်ရွက်စရာရှိမယ့် လုပ်ငန်းစဉ်အလိုက်ကို မြေပြင်လိုအပ်ချက်အတိုင်း သူတို့တင်ပြလာတဲ့အပေါ်မူတည်ပြီးတော့ ကျနော်တို့ ဒီဘဏ္ဍာရန်ပုံငွေထဲကနေ လုပ်ငှတယ် မီတယ်ဆို၊ နောက်ပြည်ထောင်စုက ထပ်ဖြည့်ပေးရမယ်ဆိုရင်လည်း ထပ်ဖြည့်ပေးပီးတော့ လုပ်ရမှာတွေ ရှိတယ်။ ဒါတွေအားလုံးကို ကျနော်တို့က စာရင်းဇယားမှတ်တမ်း ယူထားပြီးတဲ့နောက်မှာ မြေပြင်ရဲ့ လိုအပ်ချက်တွေ မူတည်ပြီး ဖြစ်သင့် ဖြစ်ထိုက်တာတွေအတိုင်း အရေးပေါ်လိုအပ်တဲ့စဟာအားလုံးကို ကျနော်တို့ စီမံခန့်ခွဲသွားမှာလည်း ဖြစ်ပါတယ်၊ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွေတောင်မှ အခု စနေပြီလို့ ပြောလို့ရပါတယ်”လို့ ပြောပါတယ်။
အဆိုပါ သိမ်းဆည်းရမိတဲ့ ငွေကြေးတွေကို ကောလင်းတိုက်ပွဲအတွင်းမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ဖို့ပါ အသုံးပြုသွားမယ်လို့ ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲတွေမှာ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေကို စနစ်တကျ လုပ်ဆောင်နိုင်ဖို့နဲ့ တာဝန်ယူနိုင်ဖို့ လုပ်ငန်းစီမံချက် (SOPs-Standard Operating Procedure) တွေ ထုတ်ပြန်ထားတဲ့ အကြောင်းကိုလည်း ဆက်ပြောပါတယ်။
ဝန်ကြီးဦးတင်ထွန်းနိုင်က “တော်လှန်ရေးပြီး လွန်မြောက်တဲ့အခါမှာ ဒီပိုက်ဆံတွေက depositor money တွေ ပြည်သူတွေ အပ်နှံထားတဲ့ ငွေတွေပါ ဒီအပ်နှံငွေတွေကို ကျနော်တို့ဘက်က တာဝန်ခံပြီးတော့ ပြည်သူတွေ နစ်နာဆုံးရှုံးမှု မရှိအောင် ဆောင်ရွက်ရမှာလည်းဖြစ်တယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ဆိုရင် ဒီကာလမှာ ကျနော်တို့ ဒီလောက်တော့ရခဲ့တယ်။ သူတို့ အပ်ထားတာ ဒီလောက်မကဘူးဆိုရင် ကျန်တဲ့ ပိုက်ဆံတွေက ဘယ်ရောက်သွားလဲဆိုတာမျိုးတွေအထိ ကျနော်တို့ အများကြီးရှင်းရဦးမှာလည်း ဖြစ်ပါတယ်။ ကျနော်တို့ အစိုးရဘဏ်ပဲဖြစ်ဖြစ် ပုဂ္ဂလိက ဘဏ်တွေပဲ ဖြစ်ဖြစ် လုပ်ငန်းစီမံချက်တွေ ကျနော်တို့ ထုတ်ပြန်ထားတယ်။ ထုတ်ပြန်ချက်အတိုင်း မြေပြင်အဖွဲ့တွေနဲ့ အချိန်နဲ့ တပြေးညီ စီမံခန့်ခွဲနိုင်အောင် ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲမှုနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာမှာ နိုဝင်ဘာလ ၆ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။










