
လွန်ခဲ့တဲ့ ၅ နှစ်က အင်္ဂလိပ်ချန်နယ် ပင်လယ်ရေလက်ကြားမှာ သမိုင်းတလျှောက် အဆိုးဝါးဆုံး ဖြစ်တဲ့ လူ ၃၀ ကျော် ရေနစ်သေဆုံးခဲ့တဲ့ ရွှေ့ပြောင်းဒုက္ခသည် မတော်တဆမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ အမျိုးသား ၁၄ ယောက်ကို စက်တင်ဘာ ၈ ရက်က ပါရီတရားရုံးမှာ စတင် စစ်ဆေး နေပါတယ်။
၂၀၂၁ နိုဝင်ဘာတုန်းက ပြင်သစ်မြောက်ပိုင်းစခန်းတွေကနေ ဗြိတိန်ကိုကူးဖို့ ဒုက္ခသည်တွေ တင်ဆောင်လာတဲ့ အရည်အသွေးညံ့ လေထိုးလှေ လေလျော့ပြီး ရေနစ်ခဲ့လို့ ရုပ်အလောင်း ၂၇ လောင်း ဆယ်ယူနိုင်ခဲ့ကာ ၄ ယောက် ပျောက်ဆုံး၊ ၂ ယောက်ပဲ အသက်ရှင်ခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ အီရတ်-ကာ့ဒ်၊ အာဖဂန်၊ အီသီယိုးပီးယား၊ အီဂျစ်၊ ဆိုမာလီ၊ အီရန်-ကာ့ဒ်နဲ့ ဗီယက်နမ်နိုင်ငံသားတွေ ပါဝင်ပြီး အငယ်ဆုံးမှာ ၇ နှစ်အရွယ် မိန်းကလေး ဖြစ်ပါတယ်။
တရားခံလို့ ယူဆရတဲ့ အာဖဂန်နဲ့ အီရတ်-ကာ့ဒ် လူမှောင်ခိုအဖွဲ့ ခေါင်းဆောင်၊ သယ်ယူပို့ဆောင်သူနဲ့ ထောက်ပံ့ရေး စီစဉ်သူတွေကို မတော်တဆ လူသတ်မှု၊ အဖွဲ့လိုက် မတရား လူမှောင်ခိုကူးမှု၊ ပူးပေါင်း ကြံစည်မှုတွေနဲ့ တရားစွဲထားပါတယ်။
လှေထွက်ချိန်မှာ ကိုယ်တိုင် မရှိခဲ့ရင်တောင် ဒီဘေးအန္တရာယ် ဖြစ်လာအောင် ဖန်တီးခဲ့ကြတယ်လို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။
ဗြိတိန်ဘက်က စုံစမ်းစစ်ဆေးမှုမှာတော့ ဒီသေဆုံးမှုတွေဟာ ရှောင်လွှဲနိုင်မဲ့ကိစ္စတွေ ဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
ပြင်သစ် ရေတပ်သင်္ဘောတစီးဟာ ဗြိတိန် ကမ်းခြေစောင့်တပ်ရဲ့ အကူအညီတောင်းခံမှုကို တုံ့ပြန်ဖို့ ပျက်ကွက်ခဲ့သလို ဗြိတိန်ဘက်ကလည်း အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေရေး စောစီးစွာ ရပ်တန့်ခဲ့တာ အပါအဝင် “မှားယွင်းတဲ့ ဆုံးဖြတ်ချက်များစွာ” ချခဲ့တယ်လို့ ကောက်ချက် ချထားပါတယ်။
သေဆုံးသူ မိသားစုတချို့ဟာ အီရတ်-ကာ့ဒ် ဒေသကနေ တရားခွင်ကို လာရောက် နားထောင် ကြမှာဖြစ်ပြီး “ပါဝင်သူအားလုံးကို အရေးယူရမယ်” လို့ တောင်းဆိုထားပါတယ်။ စစ်ဆေးမှုကို စက်တင်ဘာ ၃၀ ရက်အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Source: Reuters











