Home
မြန်မာသတင်း
ကိုးကန့်တိုက်ပွဲကြားမှ ထွက်ပြေးလာသည့် ထိုင်းနိုင်ငံသား ၄၁ ဦးကို မြန်မာစစ်တပ်ထံ အပ်နှံ
DVB
·
November 15, 2023

တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့ကနေ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲ ထွက်ပြေးတိမ်းရှောင်လာတဲ့ ထိုင်းနိုင်ငံသား ၄၁ ဦးကို UWSA ‘ဝ’ တပ်ဖွဲ့ တာဝန်ရှိသူတွေက မြန်မာစစ်တပ်ထံ အပ်နှံပေးခဲ့တယ်လို့ နိုဝင်ဘာ ၁၅ ရက် ThaiPBS သတင်းမှာ ဖော်ပြပါတယ်။

သူတို့တွေကို တြိဂံဒေသတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူက လက်ခံခဲ့ပြီး ထိုင်းနိုင်ငံကို အမြန်ဆုံး ပြန်ပို့ပေးဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Siamrath ထိုင်းသတင်းမှာလည်း ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်ကလည်း မြန်မာပြည်က တိုက်ပွဲတွေကြားထဲ ပိတ်မိနေတဲ့ မိမိနိုင်ငံသားတွေရဲ့ အခြေအနေကို တစိုက်မတ်မတ် နားစွင့်နေကြောင်း၊ အခုလွတ်မြောက်လာတဲ့ ၄၁ ဦးကိုလည်း အမိမြေကို အမြန်ဆုံးပြန်ခေါ်နိုင်ဖို့၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဖို့ ညွှန်ကြားထားတယ်လို့ ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်းချိုင်းဝပ်ချ်ရုန်းက ပြောပါတယ်။

သူတို့တွေဟာ လောက်ကိုင်မြို့ကနေ ‘ဝ’ ဒေသ နမ့်တစ်မြို့ကို ထွက်ပြေးလာတာဖြစ်ပြီး ‘ဝ’ တပ်ဖွဲ့ တာဝန်ရှိသူတွေက ကျိုင်းတုံမြို့မှာ မြန်မာစစ်တပ်နဲ့ တာဝန်ရှိသူလက်ထဲ အပ်နှံခဲ့တာလို့  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မြန်မာအာဏာပိုင်တွေဟာ လောလောဆယ် မြို့နယ်အဆင့် နယ်ခြားကော်မတီနဲ့ ချိတ်ဆက်ဆွေးနွေးနေပြီး မနက်ဖြန် ကျိုင်းတုံကနေ တာချီလိတ်၊ နိုဝင်ဘာ ၁၇ ရက်နေ့မှာ တာချီလိတ်ကနေ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ရှိ ထိုင်းအာဏာပိုင်တွေရဲ့လက်ထဲ လွှဲပြောင်းအပ်နှံနိုင်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း နိုင်းချိုင်းဝပ်ချ်ရုန်းက ပြောပါတယ်။

ထိုင်းနိုင်ငံသား ၄၁ ဦးဟာ သူတို့ဘာသာ ထွက်ပြေးလာတာဖြစ်ပြီး မြန်မာစစ်တပ်က ကယ်တင်ထားတဲ့ ထိုင်းနိုင်ငံသား ၁၆၂ ဦးကတော့ လောက်ကိုင်ကနေ ထွက်ခွာလို့ မရသေးပါဘူး။

သူတို့ကို တရုတ်နိုင်ငံ ကူမင်းကနေတဆင့် လေယာဉ်နဲ့ ပြန်ခေါ်နိုင်ဖို့ မြန်မာအာဏာပိုင်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကူမင်းရှိ ထိုင်းနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီးပေမဲ့ လုံခြုံရေးအခြေအနေ မကောင်းသေးတာကြောင့် ပြန်ပို့လို့မရဘဲ ဖြစ်နေတာပါ။

တချိန်တည်းမှာပဲ လောက်ကိုင်မှာရှိတဲ့ ခမရ ၁၂၉ မှ တပ်ရင်းမှူး ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၁၂၆ ဦးနဲ့ မိသားစုဝင် ၁၃၄ ဦးတို့ဟာ မနေ့က MNDAA ကိုးကန့်တပ်ဖွဲ့ထံမှာ အလင်းဝင်ခဲ့ပါတယ်။ အဲဒီနောက် MNDAA တပ်ဖွဲ့က လောက်ကိုင်မြို့ကို သိမ်းပိုက်တော့မယ်လို့ ကြေညာထားပါတယ်။Source-Thai-PBS/Siamrath

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024