DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာလှေစီးဒုက္ခသည် ၂၀၀ ခန့် အင်ဒိုနီးရှားရောက်
DVB
·
November 15, 2023
ရိုဟင်ဂျာလှေစီးဒုက္ခသည် ၂၀၀ ခန့် အင်ဒိုနီးရှားရောက်
Donate to DVB

မြန်မာနိုင်ငံဘက်ကနေ ရိုဟင်ဂျာလှေစီးဒုက္ခသည် ၂၀၀ နီးပါးဟာ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ထဲကို နိုဝင်ဘာ ၁၄ ရက်က ရောက်ရှိလာခဲ့တယ်လို့ ဒေသခံ ငါးဖမ်းလုပ်ငန်း အကြီးအကဲက ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာဖော်ပြပါတယ်။

ဒုက္ခသည်တွေထဲမှာတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အများစုဖြစ်ပြီး မြန်မာနိုင်ငံဘက်က နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ ရိုဟင်ဂျာတွေဟာ မွတ်ဆလင်အများစု နေထိုင်ရာ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့အပြင် မြန်မာနဲ့အိမ်နီးချင်း ထိုင်းနိုင်ငံတွေဘက်ကို ခနော်နီခနော်နဲ့ သစ်သားလှေတွေကို နှစ်ပေါင်းများစွာ အသုံးပြုကာ ထွက်ပြေးနေခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်

အခုနှစ် အစပိုင်းမှာတင် အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ထဲကို ရိုဟင်ဂျာတွေ ရာနဲ့ချီ ရောက်ရှိခဲ့ပြီး အများစုကတော့ ရောဂါဘယဘေး၊ ငတ်မွတ်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် ပင်လယ်ပြင်ထဲမှာ သေဆုံးခဲ့ကြရကာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတော့ အဲဒီလို ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ဆယ်စုနှစ်အတွင်း အသေအပျောက်အများဆုံး နှစ်တနှစ် ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောပါတယ်။

ဒေသခံ ငါးဖမ်းလုပ်ငန်း အကြီးအကဲ မိဖ်တာကုထ်အဒီးက ရိုက်တာသတင်းဌာနကို ဖြေကြားရာမှာတော့ သစ်သားလှေကြီးတစီးနဲ့အတူ ရောက်ရှိလာခဲ့တဲ့ ရိုဟင်ဂျာ ၁၉၆ ယောက်ထဲမှာ ၁၂၈ ယောက်က အမျိုးသမီးနဲ့ ကလေးသူငယ်တွေဖြစ်ကာ သူတို့ဟာ အာဟာရ မပြည့်ဝဘဲ အားကုန်ခန်းနေကြတယ်လို့ ပြောပါတယ်။

UNHCR ပြောရေးဆိုခွင့်ရသူတယောက်ကတော့ အဆိုပါဧရိယာထဲမှာ အဖွဲ့က ရောက်ရှိနေတယ်လို့ ပြောပေမဲ့ နောက်ထပ် အသေးစိတ် အခြေအနေတွေကိုတော့ ဖြေကြားခြင်းမရှိပါဘူး။

လက်ရှိမှာတော့ ဒေသခံတွေက အဆိုပါ ရိုဟင်ဂျာတွေကို အစားအစာနဲ့ ရေတွေပေးခဲ့တယ်လို့ မိဖ်တာက ပြောပြီး သူမျှဝေထားတဲ့ ဓာတ်ပုံတွေထဲမှာတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ သဲပြင်ပေါ်မှာလဲနေပြီး သူတို့ကို ဝိုင်းရံနေတဲ့ ဒေသခံတွေကို တွေ့ရပါတယ်။

အာချေးဒေသခံရဲချုပ် အက်ဖန်ဒီကလည်း သူတို့အနေနဲ့ မြေပြင်မှာ ကူညီပေးနေပေမဲ့ အဆိုပါ ရိုဟင်ဂျာတွေဘယ်နေရာကနေ ရောက်လာကြတယ်ဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်တုန်းက ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်မှာ အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့အတွက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ၂၀၁၉ နိုဝင်ဘာ ၁၁ ရက်က အမှုဖွင့်ခဲ့ပါတယ်။

Source/Photo- Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013