Home
မြန်မာသတင်း
ပဲခူးမြို့တွင် ဓာတ်ဆီပြတ်လပ်မှုကြောင့် ဒေသခံများ အခက်တွေ့
DVB
·
November 15, 2023

ပဲခူးတိုင်း၊ ပဲခူးမြို့မှာ နိုဝင်ဘာ ၁၁ ရက်ကစပြီး ဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီတွေ ပြတ်လပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဓာတ်ဆီဝယ်ယူဖို့ မနက် ၇ နာရီကနေ ဆိုင်တွေမှာ သွားရောက်တန်းစီရပြီး ကျပ် ၂,၀၀၀ ဖိုးကနေ ၃,၀၀၀ ဖိုးထိပဲ ရောင်းကြလို့ ပဲခူးမြို့နေ ပြည်သူတွေ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပဲခူးဒေသခံတဦးက “သွားဖို့လာဖို့ အရမ်းခက်ခဲပါတယ်။ တနေရာရာကိုသွားဖို့ ဆီကုန်မှာ အရမ်းကြောက်နေရပါတယ်။ ဆီသွားထည့်ရင်း ဆိုင်မရောက်ခင် လမ်းမှာ ဆီကုန်သွားမှာကိုလည်း ကြောက်နေရတယ်။ ဆီက အရင်လို ပြည့်ပြည့်ဝဝ ဘယ်တော့မှ ပြန်ရမလဲ မသိတော့ ဟိုဆိုင်မှာ ဆီရတယ်ဆို ဟိုဆိုင်ကိုပြေး၊ ဒီဆိုင်မှာ ဆီရတယ်ဆို ဒီဆိုင်ကိုပြေး၊ အဲဒီလိုမျိုးတွေ ဖြစ်တာပေါ့။ ဆီရဖို့လည်း တန်းစီရတယ်။ တခါတလေ ကိုယ့်အလှည့်ရောက်ခါနီးမှ ဆီကုန်သွားပြီဆိုပြီး ဆိုင်ပိတ်လိုက်တာမျိုးတွေလည်း ရှိတယ်။ အပြင်သွားရင်း ဆီကုန်သွားလို့ ဆီဆိုင်ကို ဆိုင်ကယ်တွန်းသွားရင်း ဆိုင်ရောက်မှ ဆီမရလို့ ဆိုင်ကယ် ပြန်တွန်းလာရတာမျိုးတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။

ဆီထည့်ဖို့ကို ဆိုင်အသေးတွေမှာ ဖုန်းဆက်ပြီး လှမ်းမေးရတာမျိုးနဲ့ ဓာတ်ဆီ ကြိုမှာထားရတာမျိုးလည်း လုပ်ရတဲ့အပြင် ငွေကြေးဖောင်းပွတာတွေကြောင့် အရင်က ကျပ် ၃,၀၀၀ ဆို အခု ကျပ် ၇,၀၀၀ ကုန်တယ်လို့လည်း သိရပါတယ်။

နောက်ထပ်ဒေသခံတဦးက “ကျနော် ဆီလိုက်ဝယ်တာ 95 တောင်မဟုတ်ဘူး၊ 92 ကို တလီတာရေသန့်ဘူး တဘူးကို ကျပ် ၄,၀၀၀ တောင် ရောင်းတယ်။ ကျနော်တို့ အောက်ခြေလူတန်းစားတွေက မတတ်နိုင်တော့ဘူး။ ကလိဘက်မှာ ဆီရတယ် ပြောတာတောင် အဲ့ဘက်ထိသွားဖို့ ဆီမရှိလို့ သွားဝယ်မလို့မရဘူး။ ကျနော်တို့က သူများလို ဆီအပြည့်ထည့်ထားနိုင်တဲ့ အခြေအနေလည်း မရှိဘူးလေ။ အသိထဲမှာဆို ရေရောပြီးမောင်းတဲ့သူတောင် ရှိလို့ ဆိုင်ကယ်နားထားတယ်” လို့ ပြောပါတယ်။

အရင်က ဆီဖိုး ကျပ် ၃၀၀၀ ဆို တရက်စီးလို့ရပေမဲ့ အခု ကျပ် ၇,၀၀၀ ကုန်မှ တရက်ပဲခံတဲ့အပြင် အလုပ်သမားတွေကိုပါ လုပ်အားခတိုးပေးရတယ်လို့ ဆိုပါတယ်။

အီလက်ထရောနစ်ပစ္စည်း ပြုပြင်သူတဦးက “အရင်က ကာစတန်မာဆီက ၅,၀၀၀ တောင်းရင် အခု ၁၀,၀၀၀ တောင်း၊ ပြီးရင် အလုပ်သမားကိုလည်း အရင် ၅,၅၀၀ ပေးရင် အခု ၈,၀၀၀ ပေးနေရတယ်။ ဆီက တနေ့ ၇,၀၀၀ ဆိုတော့ အလုပ်သမားက ဘာနဲ့ ထမင်းစားပြီး အလုပ်ကို ဘယ်လိုလာမလဲ။ အရင် တနေ့ကို ငါးခုပြင်ပြီးရင် အခု နှစ်ခုပဲပြီးတယ်။ အဲ့တော့ စျေးပဲတင်ရတယ်” လို့ ပြောပါတယ်။

ပဲခူးမြို့မှာ ဓာတ်ဆီပြတ်လပ်တာတွေဖြစ်လို့ စားအုန်းဆီနဲ့ ကြက်သွန်တွေပါ စျေးတက်လာတာဖြစ်ပြီး ဓာတ်ဆီမပြတ်ခင်ထိ စားအုန်းဆီ တပိဿာ ကျပ် ၁၁,၅၀၀ ကနေ ခု ကျပ် ၁၃,၀၀၀ ကျော်ထိ စျေးတက်လာတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024