DVB Logo
Home
မြန်မာသတင်း
ဝန်းသိုတွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်တပ်လက်နက်ကြီးကြောင့် ဘုတလင်မြို့က ဘုန်းကြီးကျောင်းနှင့်စေတီ ပျက်စီး
DVB
·
November 15, 2023
ဝန်းသိုတွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်တပ်လက်နက်ကြီးကြောင့် ဘုတလင်မြို့က ဘုန်းကြီးကျောင်းနှင့်စေတီ ပျက်စီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ မင်းကုန်းရွာအရှေ့ဘက် ကြက်ခြံအနီးမှာ နိုဝင်ဘာ ၁၄ ရက် မနက်က စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ယောက်သေဆုံး၊ သေနတ် ၄ လက်နဲ့ ကျည်အိမ် ၁၃ ခု သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ခမရ-၃၆၉ တပ်ရင်းက ဒုဗိုလ်မှူးကြီး သက်ပိုင်မြင့် ဦးစီးတဲ့ စစ်သား အယောက် ၈၀ နဲ့ ထွက်လာတဲ့ စစ်ကောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း-၁ တပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

အမှတ် ၁ စစ်ဒေသ တပ်ရင်း တာဝန်ရှိသူက  “တိုက်ပွဲဖြစ်နေတဲ့ဘက်ကို ဝန်းသိုတပ်ရင်း စစ်တပ်ဘက်ကနေ ဟောင်ဝစ်ဇာနဲ့ ၅ ကြိမ် ပစ်ခတ်ခဲ့ပြီး အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းဘက်ကနေ တက်လာတဲ့ Mi-35 တစီးနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ကျနော်တို့ဘက်က ရဲဘော်တယောက် မြင့်မြတ်စွာ အသက်ပေးခဲ့ရပါတယ်” လို့ ပြောပါတယ်။ 

ကောလင်းခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွား‌နေပြီး ခရိုင်မြို့ဖြစ်တဲ့ ကောလင်းမြို့ကို တော်လှန်ရေးပူး‌ပေါင်းအင်အားစုဘက်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က စတင်ကာ ဒီနေ့အထိ ဆက်လက်သိမ်းပိုက်ထားပါတယ်။

ကောလင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်က သိမ်းဆည်းရမိတဲ့ မြန်မာကျပ်ငွေ သိန်းပေါင်း ၉,၅၀၀ ကျော်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလ ဗဟိုဘဏ်ကနေ စနစ်တကျ မှတ်တမ်းတင် သိမ်းဆည်းထားပြီး ပြည်သူ့အပ်ငွေတွေ မဆုံးရှုံးစေဖို့ စီမံဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန် ကြေညာထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မြှောက်ကျည်ရွာကို နိုဝင်ဘာ ၁၄ ရက် နေ့ခင်း ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဘုန်းကြီးကျောင်းတကျောင်းနဲ့ ဘုရားစေတီတဆူ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က  မြေပြင်မှာ တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့ ရွာသားတဦးက  ပြောပါတယ်။

“ပစ်တာက ဘုတလင်ရဲစခန်းကနေ ပစ်ခတ်ခဲ့တာဗျ။ လက်နက်ကတော့ အကြီးစားပဲဗျ။ အမျိုးအစားကတော့ မသိဘူး။ လူတွေ၊ ဘုန်းကြီးတွေ၊ ကိုရင်တွေတော့ ထိခိုက်မှုမရှိခဲ့ဘူး။ ကျပေါက်ကွဲတာကတော့ ဘုန်းကြီးကျောင်းပေါ် တည့်တည့်ကျ ပေါက်ကွဲတာ။ ကျောင်းကတော့ စုတ်ပြတ်သပ်သွားတယ်။ စေတီတဆူလည်း ပျက်စီးခဲ့တယ်။” 

စစ်ကိုင်းတိုင်းမှာ နိုဝင်ဘာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေက စခန်းသိမ်းတိုက်ပွဲ ပြုလုပ်နေတာကြောင့် စစ်ကောင်စီတပ်တွေဟာ စခန်းအသိမ်းခံရမှာ ကြောက်လန့်ပြီး နေ့စဉ်လိုလို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်နေပြီး အရပ်သား သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013