DVB Logo
Home
မြန်မာသတင်း
တရွန်အိုင်ဗျူဟာကုန်းကို အေအေ သိမ်းပိုက်၊ ဝန်ထမ်းများ CDM လုပ်ရန် ပလက်ဝခရိုင်ကောင်စီ တောင်းဆို
DVB
·
November 15, 2023
တရွန်အိုင်ဗျူဟာကုန်းကို အေအေ သိမ်းပိုက်၊ ဝန်ထမ်းများ CDM လုပ်ရန် ပလက်ဝခရိုင်ကောင်စီ တောင်းဆို
1 / 2
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီရဲ့ တရွန်အိုင်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (အေအေ) က သိမ်းပိုက်ရရှိခဲ့ပြီး တခြားဗျူဟာကုန်း ၃ ခုကို ထပ်မံထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ရက္ခိုင့်တပ်တော်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပလက်ဝမြို့နယ် တရွန်အိုင်ဗျူဟာကုန်းကို နိုဝင်ဘာ ၁၄ ရက် မနက် ၂ နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်မှာ အောင်အောင်မြင်မြင် သိမ်းပိုက်ရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က အများအပြားသေဆုံးပြီး ထွက်ပြေးတဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ နုံးဗူးဗျူးဟာကုန်း၊ မြစ်ဝဗျူဟာကုန်း၊ ချင်းလက်ဝ ဗျူဟာကုန်းတွေကိုလည်း ရက္ခိုင့်တပ်တော် (အေအေ) က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောပါတယ်။

တရွန်အိုင်ဗျူဟာကုန်းက စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီး ၂ ယောက် လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝခရိုင်မှာ စစ်ဆင်ရေးအရှိန် မြှင့်တင်မှာဖြစ်တဲ့အတွက် ပလက်ဝခရိုင်အတွင်းက စစ်ကောင်စီလက်အောက်ခံ တပ်၊ ရဲနဲ့ ဝန်ထမ်းတွေအနေနဲ့ CDM ဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်တဲ့ ခရိုင်ကောင်စီက နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဝန်ထမ်းတွေအနေနဲ့ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်တဲ့ ခရိုင်ကောင်စီ၊ ချင်းလဲန်းကာကွယ်ရေးတပ် CDF-ပလက်ဝ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ဆက်သွယ်ပြီးဖြစ်စေ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ဆက်သွယ်ချိတ်ဆက်ပြီး ဖြစ်စေ အလင်းဝင်နိုင်မှာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ကနေ CDM ပြုလုပ်လာမယ့် ဝန်ထမ်းတွေအတွက် အသက်အန္တရာယ်လုံခြုံရေး အာမခံတဲ့အပြင် လူ့ဂုဏ်သိက္ခာနဲ့အညီ ညှဉ်းပန်းနှိက်စက်မှု၊ ဖမ်းဆီးချုပ်နှောင်မှု မပြုလုပ်ဘဲ ဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်ပေးသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်တဲ့ ခရိုင်ကောင်စီ ဥက္ကဋ္ဌက “ပလက်ဝနယ်အတွင်းမှာ စကစကို အသေခံပြီး တိုက်ပေးနေတဲ့ ရဲနဲ့ စစ်သား အများကြီးရှိတယ်။ တိုက်ပွဲတွေဖြစ်လာတဲ့အချိန် ပြည်သူဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်ကြဖို့ တောင်းဆိုပါတယ်။ အရင်ကတည်းက အလင်းဝင်ဖို့ ဆက်သွယ်လာတဲ့သူတွေ ရှိလို့ တရားဝင် စာထုတ်တာပါ။ CDM မလုပ်တဲ့ တခြားဝန်ထမ်း ၉၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ဖိတ်ခေါ်တဲ့အချိန် မလာဘူးဆို နောင်တချိန်မှာ ပြည်သူ့ချဉ်ဖတ်တွေ ဖြစ်လာမယ်။ ဥပဒေအရလည်း အရေးယူခံရနိုင်တယ်” လို့ ပြောပါတယ်။

ပလက်ဝခရိုင်အတွင်းက ပြည်သူတွေအနေနဲ့ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ အားပေးထောက်ခံခြင်း၊ ဒေါက်တိုင်ပြုလုပ်ခြင်းတွေ မပြုလုပ်ဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013