DVB Logo
Home
မြန်မာသတင်း
တိမ်ညိုရဲစခန်း အပါအဝင် စစ်တပ်စခန်း ၃ ခု စွန့်ခွာထွက်ပြေး၊ ဘူးသီးတောင်တွင် စစ်ကား ၃ စီးကို အေအေတိုက်ခိုက်
DVB
·
November 15, 2023
တိမ်ညိုရဲစခန်း အပါအဝင် စစ်တပ်စခန်း ၃ ခု စွန့်ခွာထွက်ပြေး၊ ဘူးသီးတောင်တွင် စစ်ကား ၃ စီးကို အေအေတိုက်ခိုက်
1 / 3
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက်ညက တိမ်ညိုနယ်မြေရဲစခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၃ ခု စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

မြောက်ဦးမြို့နယ် တိမ်ညိုနယ်မြေရဲစခန်းက စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ နိုဝင်ဘာ ၁၄ ရက်ညမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကာ လင်းမြွေတောင်ဘက်မှာ သွားရောက်ပူးပေါင်းနေကြတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် သင်္ချိုင်းတောင်က စစ်ကောင်စီတပ်သားတွေနဲ့ အုတ်ဖိုကန်နားက စစ်ကောင်စီတပ်သားတွေဟာလည်း စခန်းစွန့်ခွာထွက်ပြေးပြီး သီဟိုတောင်ဘက်မှာ သွားရောက်ပူးပေါင်းကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော် (အေအေ) က နိုဝင်ဘာ ၁၃ ရက်နေ့မှာ စတင်တိုက်ခိုက်ပြီးနောက် နိုဝင်ဘာ ၁၃ ရက် တနေ့တည်းမှာ စခန်းပေါင်း ၄၀ ကျော်လောက် စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) က နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရခိုင်ဒေသအတွင်းရှိ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမတွေနဲ့ ကောင်းမွန်စွာ တွေ့ခွင့်လိုပါက မိမိတို့ရဲ့ နီးစပ်ရာစခန်းတွေကို အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချ အညံ့ခံဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောကို ဘူးသီးတောင်လမ်းကနေ ထောက်ပို့လာတဲ့ စစ်ကား ၃ စီးကို နိုဝင်ဘာ ၁၅ ရက် မနက်က မောင်တော ၆ မိုင်တံတားအကျော်မှာ ရက္ခိုင့်တပ်တော် (အေအေ) က စီးနင်းတိုက်ခိုက်ရာ ကား ၂ စီး သိမ်းပိုက်နိုင်ခဲ့ပြီး ကား ၁ စီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အေအေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မောင်တောကို စစ်သား၊ လက်နက် အပြည့်နဲ့ ဘူးသီးတောင်က စစ်ကူထောက်ပို့ကား ၃ စီး ဒီမနက်အရုဏ်မှာ ဆင်းလာတာကို မောင်တော ၆ မိုင်တံတားအကျော်မှာ အေအေက အင်အားအလုံးအရင်းနဲ့ ကြားဖြတ်တိုက်တာလို့ သိရတယ်ဗျ။ ကား ၁ စီးက ထွက်ပြေးသွားနိုင်ခဲ့တယ်။ ကျန် ၂ စီးက တပ်သားတွေနဲ့ လက်နက်တွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရတယ်။ အကျအဆုံးတော့ မသိရသေးဘူး။ ဘယ်လောက်ဖမ်းဆီးသွားနိုင်လဲ မသိရပါ။”

စစ်ကောင်စီ ထောက်ပို့ကား ၃ စီး အတိုက်ခံရတဲ့နေရာကို ကျီးကန်းပြင်ဌာနချုပ်နဲ့ နခခ ၅ ကနေ လက်နက်ကြီး ပစ်ကူပေးခဲ့ကြောင်း သိရပါတယ်။

မောင်တော ၃ မိုင်စျေးသည်တဦးက “မနက်အစောကြီးဗျ။ စစ်ကားတစီး တဟုန်ထိုးမောင်း​​လာပြီး နခခ ၅ ဘက်ကို မောင်ပြေးသွားတာ တွေ့လိုက်တယ်။ သိရသလောက်ကတော့ ကား ၃ စီး အတိုက်ခံရတယ်၊ ၂ စီးကကျသွားတယ်၊ ၁ စီးက ထွက်ပြေးလာတာလို့ သိရတယ်” လို့ ပြောပါတယ်။

မောင်တော-ဘူးသီးတောင် လမ်းတလျှောက်ရှိ စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ မောင်တော ၃ မိုင် ဝေသာလီခွဆုံ စစ်ဆေးရေးဂိတ်၊ မောင်တော ၆ မိုင် စစ်ဆေးရေးဂိတ်၊ မောင်တော ၅ မိုင် ပျိုးဥယာဥ်တောင်ပေါ်စခန်း၊ ဘူးသီးတောင် ၆ မိုင် စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီက ရုပ်သိမ်းထားပြီးလည်း ဖြစ်ပါတယ်။

လက်ရှိ ဘူးသီးတောင်ဘက်မှ ဂန္ဓာမာကျေးရွာအထိနဲ့ မောင်တောဘက်မှ ၄ မိုင်ရပ်ကွက်အထိသာ သွားလာခွင့်ပြုထားကာ ဘူးသီးတောင်-မောင်တောလမ်းကို ပိတ်ထားကြောင်း ကားသမားတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013