
မြန်မာပြည်တွင်းမှာ စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရလို့ သားဖြစ်သူအတွက် စိုးရိမ်သောကနေတဲ့ မိဘတွေကို ပစ်မှတ်ထားကာ ငွေကြေးလိမ်လည်သူတွေရှိတာကြောင့် တပူပေါ် နှစ်ပူဆင့်ကာ ဒုက္ခရောက်နေရတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
စစ်မှုထမ်းအပတ်စဥ် ၂၄ မှာ ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ သားဖြစ်သူကို စစ်တပ်ထဲကနေ ပြန်ထုတ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမဲ့လည်း ငွေလိမ်ခံရတာသာရှိပြီး ပြန်ထုတ်လို့ မရကြောင်း မြောက်ဒဂုံမြို့ခံ မိဘတယောက်က ပြောပါတယ်။
“သူငယ်ချင်းတွေနဲ့ အုတ်ခုံမှာ ဂီတာတီးနေရင်း ပါသွားတာ။ မိသားစုတွေ လိုက်တာ၊ မင်္ဂလာဒုံ၊ မှော်ဘီနဲ့ လှည်းကူး တပ်တွေစုံသွားတယ် မတွေ့ဘူး။ ဌာနဆိုင်ရာ အဆက်အသွယ်နဲ့ လိုက်သေးတယ်၊ မရဘူး။ လိုင်းပေါ်မှာ ဗိုလ်မှူးတယောက်က စစ်မှုထမ်းကနေ ထုတ်ပေးတယ်ဆိုပြီး တင်ထားတာ တွေ့လို့ ဆက်သွယ်လိုက်တာ။ ပထမ ၅ သိန်း လွှဲပေးရတယ်။ နောက် ၁၀ သိန်း လွှဲပေးရတယ်။ ၁၅ သိန်း လွှဲပေးပြီးမှ အလိမ်ခံရမှန်း သိတယ်။”
သားသမီးကို ဘယ်မိဘမှ ရှေ့တန်းစစ်မြေပြင်မှာ အသေမခံလိုလို့ ငွေကြေးလိမ်လည်ခံရတဲ့တိုင် စစ်တပ်ထဲက မရရအောင် ပြန်ထုတ်ကြတယ်လို့ သန်လျင်မြို့ခံ မိဘတယောက်က ပြောပါတယ်။
“ကျနော့်တူလေး စစ်မှုထမ်းကိစ္စမှာ ကျနော် ၄၅ သိန်း အလိမ်ခံရတယ်။ တချို့က တိုးတက်နေတဲ့ ခေတ်ကြီးမှာ ဒီလို အလိမ်ခံရတာကို အပြစ်တင်ကြတယ်။ မိဘတွေဘက် ကြည့်ရင် သားသမီးဇောလေ၊ ချမ်းသာတဲ့ မိဘပဲဖြစ်စေ၊ ဆင်းရဲတဲ့မိဘပဲ ဖြစ်စေ ကိုယ့်သားသမီးကို ဘယ်သူက ရှေ့တန်းမှာ သွားသေခိုင်းမှာလဲ။ စစ်တပ် ပါသွားရင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် လိုက်ကြတာပဲ။ အလိမ်ခံရတော့လည်း ကိုယ့်ကံပေါ့။”
စစ်မှုထမ်းကိစ္စနဲ့ သားသမီးဇောကပ်နေတဲ့ မိဘတွေကို လူမှုကွန်ရက်စာမျက်နှာမှာ ငွေလိမ်လည်သူတွေက ဗိုလ်ကြီး၊ ဗိုလ်မှူး ယူနီဖောင်းဓာတ်ပုံတွေနဲ့ လိမ်လည်တာလို့ သာကေတမြို့ခံ မိဘတယောက်က ပြောပါတယ်။
“လိမ်တဲ့သူက ပိရိတယ်။ သူတို့ပရိုဖိုင်မှာ တင်ထားတာ၊ ဗိုလ်ကြီး မဟုတ်ရင် ဗိုလ်မှူးပဲ တင်ထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေကလည်း သင်တန်းကျောင်းပုံတွေဆိုတော့ သာမန်လူက ယုံကြည်ပြီး ငွေလွှဲပေးလိုက်ရော ငွေလွှဲပေးလို့ သူတို့လိုချင်တဲ့ ငွေအမောက်ရရင် အကောင့်ဖျက်သွားရော။”
မြန်မာနိုင်ငံတဝန်း စစ်မှုထမ်းကိစ္စနဲ့ပတ်သတ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးခံရတာ ငွေကြေးတောင်းခံတာနဲ့ လိမ်လည်ခံရတာတွေ ရှိပေမဲ့ အာဏာရှင်စစ်တပ်ဘက်က စစ်မှုထမ်းဥပဒေထက် ကျော်လွန်ပြီး လုပ်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
သြဂုတ် ၃ ရက်ကပဲ မြန်မာနိုင်ငံတဝန်းရှိ စစ်သင်တန်းကျောင်းတွေမှာ အာဏာရှင်စစ်တပ်က စစ်မှုထမ်းအပတ်စဥ် ၂၇ ကို ဖွင့်လှစ်ခဲ့ ပါတယ်။
စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်အာဏာရှင် မင်းအောင်လှိုင်က စတင် အကောင်အထည်ဖော် ကျင့်သုံးခဲ့ပြီး မတ် ၂၈ ရက်မှာ စစ်မှုထမ်းအပတ်စဥ် ၁ ကို စတင်ခေါ်ယူခဲ့ရာ အခုဆို စစ်မှုထမ်းအပတ်စဥ် ၂၈ ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။










