DVB Logo
Home
မြန်မာသတင်း
ပေါက်တောပြင် ဗျူဟာကုန်းကို အေအေမီးရှို့၊ ပခုက္ကူတွင် စစ်ယာဥ်တန်းတိုက်ခိုက်ခံရ၊ မြိုင်ရဲဒုတပ်ကြပ်တဦး အလင်းဝင်
DVB
·
November 14, 2023
ပေါက်တောပြင် ဗျူဟာကုန်းကို အေအေမီးရှို့၊ ပခုက္ကူတွင် စစ်ယာဥ်တန်းတိုက်ခိုက်ခံရ၊ မြိုင်ရဲဒုတပ်ကြပ်တဦး အလင်းဝင်
1 / 3
Donate to DVB

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ပေါက်တောပြင် တောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို နိုဝင်ဘာ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ ရက္ခိုင့်တပ်တော် (အေအေ) က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

အဲဒီဗျူဟာကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ နိုဝင်ဘာ ၁၃ ရက်နေ့မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာလို့ တောင်ပေါ်မှာရှိတဲ့ လက်နက်ကြီးတွေ၊ လက်နက်ခဲယမ်းတွေကို ညတွင်းချင်း ရွှေ့ပြောင်းပြီး စခန်းစွန့်ခွာခဲ့ကြတာလို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ဘူတာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတခုလည်း နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းမှာ ကား ၃ စီးနဲ့ စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြတယ်လို့ ပြောပါတယ်။

ရက္ခိုင်ဒေသအတွင်းရှိ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမတွေနဲ့ ကောင်းမွန်စွာတွေ့ခွင့်ရလိုပါက မိမိတို့ရဲ့ နီးစပ်ရာစခန်းတွေကို အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချအညံ့ခံဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ နိုဝင်ဘာ ၁၃ ရက်နေ့ နေ့လယ်က စစ်ကောင်စီယာဥ်တန်းကို ဗုံးကြဲတိုက်ခိုက်ကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ The Red Revolters တပ်ဖွဲ့ကနေ သိရပါတယ်။

ပခုက္ကူ-မင်းတပ်ကားလမ်းအတိုင်း ကျောက်ထုမြို့ကနေ ပခုက္ကူမြို့ကို ဆင်းလာတဲ့ စစ်ကောင်စီယာဥ်တန်း အစီး ၉၀ လောက်ကို နိုဝင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲလောက်က ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ရွာအရောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ The Red Revolters ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။

ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရော့ကက် ၁၅ လုံးပစ်ခတ်ကာ၊ Fixed Wings တွေနဲ့လည်း ဗုံး ၆ လုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို The Red Revolters(ပခုက္ကူ)၊ N YSO၊ သံမဏိသိန်းငှက်၊ MVRF၊ Pakokku Special Task Force၊ PPDF နဲ့ ပခုက္ကူပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

အညာဒေသမှာလည်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပြီး ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုတယ်လို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်းမှာ ထိခိုက်သေဆုံးတဲ့အခြေနေကို  DVB က သီးခြားအတည်မပြုနိုင်သေးပဲ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းက ရဲဒုတပ်ကြပ်တယောက် နိုဝင်ဘာ ၁၄ ရက်နေ့က လက်နက်ခဲယမ်းအပြည့်စုံနဲ့ မြိုင်ပကဖထံမှာ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းက ကိုပိုင်အမှတ် လ-လ၂၃၉၂၄၃ ရဲ ဒုတပ်ကြပ် ရဲဇော်ဦးဟာ စစ်ကောင်စီရဲ့ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့လို့ မြိုင်ပကဖ၊ CDF-ဟားခါး တပ်ရင်း ၂ တပ်ခွဲ ၅ နဲ့ ဂန်ဂေါခရိုင် တပ်ရင်း ၁၉ တို့ကို ဆက်သွယ်ခဲ့ပြီးတော့ ပြည်သူ့ရင်ခွင် ခိုလှုံလာတာလို့ မြိုင်ပကဖ တပ်ရင်း (၁) တပ်ရင်းမှူး ဗိုလ်လက်ယာက DVB ကို ပြောပါတယ်။

အဲဒီရဲဒုတပ်ကြပ်ဟာ G3 သေနတ်တလက်၊ ကျည်ဘောက်တခု၊ ကျည်ဆန် ၁၅၀ တောင့်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာတာကြောင့် ဂုဏ်ပြုဆုငွေ သိန်း ၅၀ ကျပ်ချီးမြှင့်ပေးပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ၊ ရဲတွေအနေနဲ့ ပြည်သူလူထုထံမှာ အသာတကြည်အလင်းဝင်ကြဖို့ အသိပေးတိုက်တွန်းလိုပြီး ပြည်သူ့ကာကွယ်ရေး တိုက်ခိုက်ရေးအဖွဲ့တွေအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံတဲ့အနေနဲ့ တိုက်စစ်ဖွင့်တော့မှာဖြစ်လို့ အသက်မသေချင်ရင် လက်နက်ချအလင်းဝင်ကြဖို့ သတိပေးထားပါတယ်။

အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013