DVB Logo
Home
နိုင်ငံတကာ
တရုတ်အားကိုးရခြင်း၏အန္တရာယ် EU ကို ထိုင်ဝမ်သတိပေး
DVB
·
October 14, 2026
Photo: REUTERS / WARSAW SECURITY FORUM
Photo: REUTERS / WARSAW SECURITY FORUM
Donate to DVB

ဥရောပသမဂ္ဂ (EU) အနေနဲ့ တရုတ်ကုန်ပစ္စည်းပေးသွင်းသူတွေအပေါ် မှီခိုအားထားနေရတာဟာ EU ရဲ့ လွတ်လပ်မှုကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၁၃ ရက် ပိုလန်နိုင်ငံမှာပြောတဲ့ မိန့်ခွန်းမှာ သတိပေး ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုကိစ္စရပ်ကို အဓိကဆွေးနွေးမဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကျင်းပမဲ့ ထိပ်သီးအစည်းအဝေးမတိုင်မီ ခုလို ပြောလိုက်တာပါ။

အောက်တိုဘာ ၁၅ ရက်မှာ စမဲ့ ထိပ်သီးအစည်းအဝေးမှာ EU ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံဆိုင်ရာ ကိစ္စရပ်တွေကို ပထမဆုံးအချက်အဖြစ် ဆွေးနွေးကြမှာပါ။

ကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချဖို့နဲ့ အရေးပါတဲ့ ကဏ္ဍတွေမှာ တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုအားထားရခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို လျှော့ချဖို့ EU က ကြိုးပမ်းနေပါတယ်။

တရုတ်နိုင်ငံရဲ့ အာဏာရှင်စနစ်ဆိုင်ရာ အတွေးအခေါ်ဟာ ဥရောပရဲ့ ဒီမိုကရေစီစနစ်နဲ့ အခြေခံအားဖြင့် လုံးဝမကိုက်ညီတဲ့အတွက် တရုတ်အပေါ် မှီခိုအားထားရတာဟာ စီးပွားရေးဆိုင်ရာ အန္တရာယ်တခုတည်း မဟုတ်ပါဘူး။

ဒါဟာ ဥရောပရဲ့ လွတ်လပ်မှုနဲ့ အချုပ်အခြာအာဏာကိုပါ ခြိမ်းခြောက်မှုတခု ဖြစ်ပါတယ်လို့  ဝါဆောလုံခြုံရေးဆိုင်ရာ ဖိုရမ်မှာ ပြောတဲ့ မိန့်ခွန်းအတွင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး လင်ချီယာလန်က ပြောပါတယ်။

ကုန်ပစ္စည်းပေးသွင်းမှု ကွင်းဆက်တွေကနေတဆင့် ထိန်းချုပ်ခံထားရတဲ့ ဥရောပဆိုတာဟာ သူ့ရဲ့ လွတ်လပ်ခွင့်တချို့ကို လက်လွှတ်ဆုံးရှုံးထားတဲ့ ဥရောပမျိုး ဖြစ်လာမှာပါလို့လည်း သူက ပြောပါတယ်။

ဝါဆောမြို့က တရုတ်သံရုံးအနေနဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုထားတဲ့ အီးမေးလ်ကို ချက်ချင်း တုံ့ပြန်ဖြေကြားတာ မရှိခဲ့ပါဘူး။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်အရာရှိတွေရဲ့ ပြည်ပခရီးစဉ်တွေကို ပုံမှန်ကန့်ကွက်လေ့ရှိပြီး ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်ကို “ခွဲထွက်ရေးသမား” လို့ သတ်မှတ်ရင်း လိုင်နဲ့ ဆက်ဆံပြောဆိုခြင်း မလုပ်ခဲ့ပါဘူး။

အရင်က တရုတ်နိုင်ငံက ကန့်ကွက်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ ဥရောပကို သွားလည်တာ အလွန်နည်းခဲ့ပေမဲ့ လက်ရှိ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး လင်ကတော့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က လက်ရှိရာထူးကို စယူချိန်ကစပြီး ပိုလန်နိုင်ငံ အပါအဝင် ဥရောပဆီ အကြိမ်ကြိမ် သွားခဲ့ပါတယ်။

အထူးသဖြင့် ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ချိန်ကစပြီး ထိုင်ဝမ်ဟာ ဥရောပနဲ့ ပိုနီးကပ်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဥရောပသမဂ္ဂကလည်း တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှု မညီမျှမှုကိစ္စရပ်တွေအပြင် ရုရှားကို တရုတ်က ထောက်ခံအားပေးတယ်လို့ ယူဆရတဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်ချက်တွေကြောင့် တရုတ်နိုင်ငံနဲ့ သဘောထားကွဲလွဲနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013