DVB Logo
Home
မြန်မာသတင်း
စစ်တွေအခြေစိုက် ဒုတပ်ရင်းမှူးအပါအဝင် ၁၀ ဦးကို အရှင်ဖမ်းမိ၊ စစ်တွေ၌ လုံခြုံရေးတိုးမြှင့်ပြီး အစိုးရရုံးများတွင် ခံစစ်ပြင်ဆင်
DVB
·
November 14, 2023
စစ်တွေအခြေစိုက် ဒုတပ်ရင်းမှူးအပါအဝင် ၁၀ ဦးကို အရှင်ဖမ်းမိ၊ စစ်တွေ၌ လုံခြုံရေးတိုးမြှင့်ပြီး အစိုးရရုံးများတွင် ခံစစ်ပြင်ဆင်
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ စစ်တွေအခြေစိုက်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူးအပါအဝင် ၁၀ ယောက်ကို အရှင်ဖမ်းမိထားတယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)က သတင်းထုတ်ပြန်ပါတယ်။

ဖမ်းမိတဲ့ ဒုတပ်ရင်းမှူးဟာ စစ်တွေအခြေစိုက် ခမရ (၃၄၄)က ဗိုလ်မှူးသန့်စင်ထွန်းဖြစ်ပြီး သူနဲ့အတူ ဗိုလ်ကြီးဇေယျာလှိုင်နဲ့ တခြားတပ်ဖွဲ့ဝင်တွေလည်း ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးအဖြစ် ရခိုင်ပြည်နယ်မှာလည်း နိုဝင်ဘာ ၁၃ ရက်က စတင်ပြီး အေအေက တိုက်ပွဲတွေ စတင်ဖော်ဆောင်ခဲတာမှာ ရသေ့တောင်မြို့နယ်မှာရှိတဲ့ ဒုံးပိုက်စခန်းကို သိမ်းပိုက်နိုင်ခဲ့သလို နိုဝင်ဘာ ၁၄ ရက်နေ့မှာတော့ ချိန်ခါလီနယ်ခြားစောင့်စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်ပြောခွင့်ရ  ဦးခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။

ပလက်ဝမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီဗျူဟာကုန်းတွေကိုလည်း တပြိုင်တည်း တိုက်ခိုက်နေပြီး စစ်ကောင်စီဘကက်တော့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေကို အသုံးပြုနေတာကြောင့် တိုက်ပွဲတွေက ဆက်ပြီးပြင်းထန်နေတယ်လို့လည်း ဆိုပါတယ်။

အလားတူ ရခိုင်ပြည်နယ်၊ တခြားမြို့နယ်တွေဖြစ်တဲ့ မင်းပြား၊ မောင်တော၊ မြောက်ဦး စတဲ့မြို့နယ်တွေမှာလည်း တိုက်ပွဲတွေရှိနေပါတယ်။ 

စစ်တွေမြို့မှာတော့ ကမ်းခြေမှာ တပ်စွဲထားတဲ့ စစ်ရေယာဥ်တွေကနေ လက်နက်ကြီးသံတွေ ထွက်ပေါ်ခဲ့ကာ စစ်တွေမြို့ပေါ်က ပြည်နယ်အစိုးရရုံး အပါအဝင် စစ်ကောင်စီရဲ့ရုံးတွေမှာ လုံခြုံရေး တိုးမြှင့် ခံစစ်အခိုင်အမာ ပြင်ဆင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့ခံတဦးက  “ညက ၁၁ ခွဲလောက်မှာ လက်နက်ကြီးသံတွေ ကြားရတာပါ။ ၈ ကြိမ် ၉ ကြိမ်လောက် ကြားရပါတယ်။ လက်နက်ကြီးသံတွေပြီးတော့ မြို့ထဲဘက်က စက်သေနတ်သံ နှစ်ခေါက်လောက်လည်း ကြားလိုက်ရပါတယ်။ ပစ်တာတော့ စစ်တွေဗျူးပွိုင့်ဘက်က နေဗီတွေနဲ့ ဆတ်ရိုးကျတံတားဘက်က Navy တွေကလို့ ထင်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိ စစ်တွေမြို့ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေ၊ ရဲစခန်းတွေနဲ့ အရင်က ရှိရင်းစွဲ စစ်ကောင်စီတပ်စွဲထားရာ နေရာတွေမှာလည်း သဲအိတ်၊ သစ်လုံးတွေနဲ့ အခိုင်အမာ ခံစစ်အကာအကွယ် ပြင်ဆင်ထားပြီး မြို့တွင်းစစ်အင်အား ဖြန့်ထားတာတွေလည်း ရှိနေတယ်လို့ ဒေသခံတဦးက ထပ်မံပြောဆိုထားပါတယ်။

“ဒီမနက်မှာတော့ စစ်တွေမြို့ကို စစ်ကောင်စီက လေးဘက်လေးတန် ပိတ်ထားပါတယ်။ မြို့တော်ခန်းမ၊ ထွေအုပ်ရုံးနဲ့ စစ်ကောင်စီအစိုးရနဲ့ သက်ဆိုင်တဲ့ရုံး အကုန်ပိတ်ထားတာပါ။ အရင် အထက ၄ ကို ကျောင်းသွားတက်တဲ့ လမ်းတလျှောက်ကိုလည်း ပိတ်ထားပါတယ်။ အကြောင်းရှိလို့ အပြင်ထွက်ရမယ်ဆိုရင်တောင် မြို့ပြင်ဘက်က ပတ်သွားနေရပါတယ်။ မနက် ၃ နာရီလောက်ကလည်း တင့်ကား(သံချပ်ကာယာဥ်)နှစ်စီး မြို့ထဲ ပတ်မောင်းနေတာ တွေ့လိုက်ပါတယ်။”

ဒါတင်မကသေးဘဲ စစ်ကောင်စီက စစ်တွေမြို့ပေါ်မှာ ည ၉ နာရီ အပြင်မထွက်ရအမိန့် ထုတ်ပြီးတော့ ဒေသခံတွေကို ဖမ်းဆီးမှုတွေရှိခဲ့ပြီး ဆတ်ရိုးကျတံတားနားမှာ ကွမ်းဝယ်တဲ့သူတွေနဲ့ စစ်တွေမြို့ထဲမှာ တခြားအပြင်ထွက်တဲ့ ဒေသခံတွေကို ဖမ်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်နက်ငယ်ပစ်ခတ်မှုတွေကို ည ၁၁ နာရီခွဲလောက်ကနေ ၁၂ နာရီကျော်လောက်အထိ ကြားခဲ့ရတာဖြစ်ပြီး ပါဒလိတ်နဲ့ ယိုးချောင်းနေရာတွေကို ပစ်ခတ်ခဲ့တာလို့ စစ်တွေမြို့ ဒေသခံတဦးက ပြောပါတယ်။

အေအေပြောခွင့်ရသူ ဦးခိုင်သုခကတော့  စစ်ကောင်စီ တပ်သားတွေအနေနဲ့  မိသားစုဝင်တွေနဲ့ ကောင်းကောင်းမွန်မွန်ပြန်ဆုံချင်တယ်ဆိုရင် နီးစပ်ရာ အေအေတပ်စခန်းတွေမှာ လက်နက်ချကြဖို့ကိုလည်း သတင်းစကားပါးပါတယ်။

ရခိုင်ပြည်နယ်၊ အပေါက်ဝရဲစခန်းက ရဲတပ်သား ၂၉ ကျော် မနေ့က အေအေတပ်ဖွဲ့ဆီမှာ လက်နက်နဲ့အတူ အလင်းဝင်လာကြပါတယ်။

ရခိုင်တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ရခိုင်ဘက်မှာ ရဲကင်းစခန်းငယ်တစ်ခု ဝင်ရောက်စီးနင်းတိုက်ခိုက်တာရှိလို့ ကြည်းတပ်နဲ့ ရေတပ်ပူးပေါင်းစစ်ဆင်ပြီး ချေမှုန်းနေတယ်လို့  ပြောထားပါတယ်။

တိုက်ပွဲတွေကြောင့်  ရခိုင်ပြည်နယ်မြို့တော်စစ်တွေကိုတော့ စစ်ကောင်စီဘက်က အဝင်အထွက် ပိတ်ဆို့ထားပါတယ်။ 

လက်ရှိ စစ်တွေမြို့မှာ စစ်ကောင်စီက အင်အားတိုးချဲ့ထားပြီး အခိုင်အမာ စစ်ပြင်ထားတာကြောင့် ကျီးလန့်စာစားနေရပြီး ကုန်စျေးနှုန်းတွေလည်း မြင့်တက်လာခဲ့ကာ ဆန်တအိတ် ကျပ် ၈၅,ဝဝဝ ကနေ ၁၂၅,ဝဝဝ ကျပ်အထိ မြင့်တက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထက်အောင်/CJ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013