
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အလယ်တောစံပြကျေးရွာနဲ့ အင်းတိမ်ရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၄ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီ ၂ မိနစ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အရပ်သားပြည်သူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလယ်တောစံပြကျေးရွာ ဒေသခံ အမျိုးသားတဦးက “လေယာဉ်ကဝောာ့ တိုက်လေယာဉ်လား၊ ရိုးရိုးလေယာဉ်လား ဆိုတာကတော့ ကျနော်တို့က တောသားတွေဆိုတော့ အတိအကျ မပြောတတ်ဘူး။ သူတို့လာတာနဲ့ ကောင်းကင်ကနေ အသံအကျယ်ကြီး ကြားရတယ်။ အဲဒီလို အသံအကျယ်ကြီးကြားရပြီး သိပ်မကြာပါဘူး၊ မြေကြီးတွေပါတုန်အောင် ပေါက်ကွဲသံကြီး ကြားရတယ်။ အဲဒီပေါက်ကွဲသံအကျယ်ကြီးက ကျနော်တို့ အလယ်တောရွာက ကိုသိန်းလင်းရဲ့အိမ်ရှေ့ကို ကျတာ”လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အလယ်တောရွာက ဦးစံကျေး အသက် ၅၀ ကျော်၊ သိန်းလင်း အသက် ၅၀ ကျော်၊ မခင်သီ အသက် ၅၀ ကျော်၊ အောင်လင်း အသက် ၃၀ ကျော်၊ သံချောင်း အသက် ၄၀ ကျော်၊ မောင်ဦး အသက် ၅၀ ကျော်၊ မထက် အသက် ၃၀ ကျော်၊ နှင်းအိဖြူ အသက် ၂၀ ကျော်နဲ့ ထီးချိုင့်မြို့ကနေ အလယ်တောရွာကို စစ်ဘေးလာရှောင်နေတဲ့ အသက် ၇ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးသွားပါတယ်။
စစ်ကောင်စီတပ်က အလယ်တောရွာအတွင်းကို ပစ်ခတ်လို့ ဒေသခံ အရပ်သား ၉ ဦး နေရာတင် သေဆုံးခဲ့ရသလို ဒဏ်ရာရသူတွေလည်း ၁၀ ဦးထက်မနည်း ရှိခဲ့ပြီး လူနေအိမ် အဆောက်အဦများစွာလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခု အလယ်တောရွာကိုပစ်ခတ်တဲ့ လေယာဉ်ဟာ အလယ်တောရွာအပြင် အင်းတိမ်ရွာ၊ ပေါက်ကုန်းတောတောင်တွေထဲပါ ပစ်ခတ်မှုတွေလည်း တပြိုင်တည်း ပြုလုပ်ခဲ့တာကြောင့် အင်းတိမ်ရွာက အရပ်သား ၂ ဦးလည်း သေဆုံးခဲ့ရတယ်လို့ အင်းတိမ်ရွာသားတွေဆီကနေ သိရပါတယ်။
ဒေသခံရွာသားတဦးက “အလယ်တောရွာကိုပစ်ခတ်ပြီး ကျနော်တို့ အင်းတိမ်ရွာ စာသင်ကျောင်းကို ပစ်ခတ်ခဲ့သေးတယ်ဗျ။ အဲဒီလိုပစ်ခတ်လို့ မောင်နေပိုင် အသက် ၂၀၊ ဝတုပ် အသက် ၂၀ နေရာတင် သေဆုံးတယ်ဗျ။ စာသင်ကျောင်းလည်း ပျက်စီးတယ်၊ အရပ်သားပြည်သူတွေလည်း ကျည်စထိမှန်ပြီး ဒဏ်ရာရရှိသူတွေလည်း များတယ်ဗျ။ အိမ်တွေလည်း ပျက်စီးတယ်။ သူတို့ဗုံးချလို့ စာသင်ကျောင်းအရှေ့ပေါက်ကွဲပြီး ကျင်းကြီးကတော့ သုံးပေပတ်လည်လောက် ကျယ်ပြီး အနက်ကတော့ ၂ တောင်လောက် နစ်တယ်” လို့ ပြောပါတယ်။
ထီးချိုင့်မြို့နယ်အတွင်း နိုဝင်ဘာ ၈ ရက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ဒီနေ့အထိ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်တိုက်ပွဲကြားမှာ ပိတ်မိပြီး အရပ်သား သေဆုံးမှုတွေလည်း ၁၀၀ ထက်မနည်း ရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။










