DVB Logo
Home
မြန်မာသတင်း
ရန်ကုန် စက်သုံးဆီ မှောင်ခိုစျေးကွက်တွင် အောက်တိန်း ၉၂ တဂါလံ ကျပ် ၁၅,၀၀၀ နီးပါးရှိ
DVB
·
November 14, 2023
ရန်ကုန် စက်သုံးဆီ မှောင်ခိုစျေးကွက်တွင် အောက်တိန်း ၉၂ တဂါလံ ကျပ် ၁၅,၀၀၀ နီးပါးရှိ
Donate to DVB

ရန်ကုန်မှာ စက်သုံးဆီဝယ်ယူဖို့ မနက်စောစော ၄ နာရီကျော်ကတည်းက တန်းစီစောင့်ဆိုင်းနေရပြီး ရောင်းဖို့ဆီမရှိတဲ့အတွက် ဆိုင်တချို့ပိတ်ထားရကာ မှောင်ခိုစျေးကွက်မှာ အောက်တိန်း ၉၂ တဂါလံ ကျပ် ၁၅,၀၀၀ နီးပါးရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မှာ စက်သုံးဆီ ပြတ်လတ်နေတဲ့အတွက် ကိုယ်ပိုင်ကားမောင်းနှင်သူတွေရော တက္ကစီ အငှားယာဉ်မောင်းတွေပါ ဒုက္ခရောက်နေကြရပြီး ဆီရဖို့ မနက်အစောကတည်းက တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြရတယ်လို့ ရန်ကုန်က ပြည်သူတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက်မနက်ပိုင်းက စပြီး ရန်ကုန်က စက်သုံးဆီ အရောင်းဆိုင်တချို့မှာ စက်သုံးဆီ 92/ 95 ပြတ်လပ်နေတဲ့အတွက် ဆီရောင်းပေးတဲ့ဆိုင်တွေမှာ မနက်အစောပိုင်းကတည်းက ကားတန်း ရှည်နဲ့ တန်းစီစောင့်ဆိုင်း နေရကြောင်းကို ရန်ကုန်က ကိုယ်ပိုင်ကားပိုင်ရှင်တစ်ယောက်က ပြောပါတယ်။

“၆ နာရီဆိုင်ဖွင့်တယ်ဆိုတော့ ၇ နာရီလောက်သွားတာ အရမ်းကို အစီးပေါင်းက နှစ်ထပ်စီနေတာနော်။ တန်းစီနေရင်း မနက် ၇ နာရီဆိုတော့ အိမ်မှာလည်း လုပ်စရာရှိနေတော့ ပြန်လာလိုက်တာမရခဲ့ဘူး။ ဒီနေ့တော့ မနက် ၄ နာရီခွဲကတည်းက Alarm ပေးပြီးတော့ ဒီတိုင်း ဆီကိုပဲ သွားတန်းစီတော့ ၆ နာရီဆိုင် ဖွင့်တယ်။ ဒီနေ့တော့ ဆီရလာတယ် အဲတာပါပဲ။ အရမ်းခက်ခဲတယ်။ ရှေ့လျှောက် ဆိုရင် ၈၀ ရာခိုင်နှုန်းလောက် လျှော့လိုက်တယ်ဆိုရင် ကားအစီးရေနဲ့ ဝယ်လိုအားနဲ့က မျှတော့မှာ မဟုတ်ဘူး။ ဘာတွေများ ရှေ့ဆက် ဘယ်လိုတွေများ ဖြစ်ဦးမလဲမသိပါဘူး။ တစ်ထပ်ကို အစီး သုံးဆယ်လောက်ရှိနေပြီ ဆိုတော့ ကားငါးဆယ် ခြောက်ဆယ်လောက်က ကိုယ့်အနောက်မှာ ရောက်နေကြပြီ။ လူတွေက ၆ နာရီဆိုင်ဖွင့်လို့ ၆ နာရီမှ လာရင် ဘယ်လိုမှ မမီတော့ဘူး။”

ဆီတင်သင်္ဘောတွေ ကမ်းမကပ်နိုင်တဲ့အတွက် အခုလို ဆီပြတ်တောက်တာလို့‌ ပြောဆိုနေသလို စစ်ကောင်စီက ဆီဆိုင်တွေကို ၈၀ ရာခိုင်နှုန်း လျှော့ချပြီး  ခွဲတမ်းနဲ့သာ ဆီထုတ်ပေးနေတဲ့အတွက် အခုလို ဈေးကွက်မှာ ဆီပြတ်လပ်နေတာလို့ ဆီဆိုင်တွေဘက်က သိရပါတယ်။

လက်ရှိရန်ကုန်က ဆိုင်တချို့မှာတော့ ကားတစီး လူတစ်ယောက်ကို ဆီ ကျပ် ၂၀၀၀၀ ဖိုးထက်ပိုမရောင်းပေးဘူးလို့ သိရပါတယ်။ ဒီနေ့မနက်က ဆီဆိုင်တွေမှာ အရင်ရက်တွေကလို ဆီတန်းစီစောင့်နေတဲ့ကား သိပ်မရှိတော့ဘူးလို့ ရန်ကုန်မြို့ခံ တစ်ယောက်က ပြောပါတယ်။

“တခါတလေ ဆီဈေးတအားကျသွားရင် ဆီတွေကို မထုတ်ပေးတော့ဘူး။ သိပ်မရောင်းတော့ဘူးဆိုပြီး တခါတလေကျ လုပ်တာတွေရှိတယ်။ ဆီဆိုင်တွေကလည်း လူလည်ကျတာပါဗျာ။ အခုကဆီဈေးပါ တက်တာဆိုတော့ ဟိုကောင်တွေကိုက မချပေးတာ။ အစိုးရဘက်ကိုက မချပေးတာဆိုတော့ သူတို့လည်းတိုင်ပတ်တာပေါ့၊ ဒါကြောင့် ဈေးတွေလည်း တစ်ရာစီ တက်တယ်။ ဒီနေ့ကဘာမှတော့ မကြားရတော့ဘူး။ လိုင်းပေါ်မှာရော၊ အပြင်မှာလည်း ကျနော် သွားတာတော့ ပုံမှန်လောက်ပါပဲ။ ကားတန်းက နည်းနည်းပါးပါးတော့ရှိတယ်။”

တခြားမြို့တွေမှာလည်း ဆီဆိုင်တွေက ရောင်းဖို့ဆီမရှိတဲ့အတွက် ဆိုင်ပိတ်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်၊ ပဲခူးမြို့မှာတော့ ဆိုင်ကယ်တစီးကို ဆီကျပ် ၂၀၀၀ ဖိုးစီပဲ ထုတ်ရောင်းပေးတယ်လို့ ပဲခူးမြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာ အောက်တိန်း ၉၂ ကို မှောင်ခိုစျေးအနေနဲ့ ပြန်ရောင်းချတာတွေရှိလာပြီး တဂါလံကို ၁၅,၀၀၀ ကျပ်နီးပါး ပေါက်စျေးရှိနေတယ်လို့ ယာဥ်မောင်းနဲ့ ကိုယ်တိုင်ရောင်းချနေသူတွေဆီက စုံစမ်းသိရပါတယ်။ 

ဒီနေ့ အောက်တိန်း ၉၂ ဆီရဲ့ ရန်ကုန်မြို့အတွက် တရားဝင် ရည်ညွှန်းလက်လီစျေးက တလီတာ ၂,၁၃၀ ကျပ်ဖြစ်ပြီး တဂါလံကို ကျပ် ၁၀,၀၀၀ နီးပါးရှိတာ ဖြစ်ပါတယ်။ အပြင်ပေါက်စျေးက တဂါလံကို ၁၅,၀၀၀ ကျပ်နီးပါးရှိတာကြောင့် တရားဝင်စျေးထက် ၅,၀၀၀ ကျပ်လောက် စျေးတင်ထားတာလည်း ဖြစ်ပါတယ်။

မြောက်ဥက္ကလာပမှ အငှားယာဥ်မောင်းတဦးက “အောက်တိန်း ၉၂ က အသုံးများတော့ ဝယ်ရပိုခက်တယ်။ မှောင်ခိုစျေးကွက်လည်း ဖြစ်နေတယ် ကြားတယ်။ ခေတ်ကိုက မှောင်ခိုခေတ် တကျော့ပြန်ရောက်သွားတာပဲ” လို့ ပြောပါတယ်။

အခုလို စက်သုံးဆီ ဝယ်ယူရခက်နေချိန်မှာ တချို့က ဆိုင်ကနေ ရသလောက်ရှာဝယ်ပြီး စျေးတင်ကာ တန်းစီမစောင့်ဆိုင်နိုင်သူတွေကို ပြန်လည်ရောင်းချတဲ့စျေးကွက် ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီလို ပြန်လည်ရောင်းချနေသူတဦးက “ကျနော်တို့မှာ ပိုသလောက် ပြန်ရောင်းပေးတာပါ။ လမ်းကြုံရင် နီးစပ်တဲ့နေရာအထိ ပို့ပေးတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက် စက်သုံးဆီဈေးတွေအနေနဲ့ လူသုံးများတဲ့ ၉၂ တလီတာကို ရန်ကုန်မြို့မှာ ၂,၁၃၀ ကျပ်၊ မန္တလေးမြို့မှာ ၂,၁၈၀ ကျပ်နဲ့ နေပြည်တော်မှာ ၂,၁၇၅ ကျပ်နှုန်းနဲ့ ရောင်းချနေပြီး ၉၅ တလီတာကို ရန်ကုန်မြို့မှာ ၂,၂၅၀ ကျပ်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ ၂,၃၀၀ ကျပ်နှုန်းတွေနဲ့ ရောင်းချနေတယ်လို့လည်း သိရပါတယ်။

ပရီမီယံဒီဇယ်ကတော့ တလီတာကို ရန်ကုန်မှာ ၂,၂၄၅ ကျပ်၊ မန္တလေးမှာ ၂,၂၉၅ ကျပ်၊ နေပြည်တော်မှာ ၂,၂၉၀ ကျပ်နဲ့ ရောင်းချနေတယ်လို့လည်း သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ စက်သုံးဆီ စျေးကြီးမြင့်တာ၊ ဆီပြတ်လပ်တာတွေ မကြာခဏ ဖြစ်ပေါ်နေတဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကတော့ ကောလာဟလတွေကို မယုံဖို့နဲ့  စက်သုံးဆီသင်္ဘောတွေ ၁၅ စီးလောက် ဝင်ရောက်လာဖို့ရှိတယ်ဆိုပြီး ပြောကြားထားတာရှိပေမဲ့ ပြည်သူတချို့ကတော့ ယုံကြည်မှု နည်းနေပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း စက်သုံးဆီ စျေးလျှော့ချနိုင်ဖို့အတွက် ရုရှားကနေ တိုက်ရိုက်တင်သွင်း ရောင်းချမယ်ဆိုပြီး စစ်ကောင်စီက ကြွေးကြော်ခဲ့ပေမဲ့ အကောင်အထည်ပေါ်လာခဲ့ခြင်း မရှိပါဘူး။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကတော့ ခရီးသွားတွေနဲ့ အများပြည်သူတွေ စက်သုံးဆီ ပြတ်လပ်မှု မရှိအောင် ဆီတင်သင်္ဘော ၁၅ စီး ထပ်မံရောက်ရှိမှာဖြစ်တယ်လို့ ပုံမှန်အတိုင်းရောင်းချနိုင်ဖို့ ကြပ်မတ်ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။

ဝေဝေ/DVB

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013