DVB Logo
Home
မြန်မာသတင်း
ကောလင်း မြန်မာ့စီးပွားရေးဘဏ်မှ ငွေသားလက်ကျန် ကျပ်သန်း ၉၅၀ ကျော်ကို NUG ထိန်းသိမ်း
DVB
·
November 14, 2023
ကောလင်း မြန်မာ့စီးပွားရေးဘဏ်မှ ငွေသားလက်ကျန် ကျပ်သန်း ၉၅၀ ကျော်ကို NUG ထိန်းသိမ်း
Donate to DVB

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်က ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၂ ဒသမ ၃၄၃ ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြားကာလဗဟိုဘဏ်က လက်ခံသိမ်းဆည်းထားတယ်လို့ ထုတ်ပြန်ပါတယ်။

လက်ရှိမှာတော့ ဒီငွေတွေ လက်ခံသိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး နိုင်ငံတော်ပိုင်ဘဏ္ဍာငွေတွေနဲ့ ပြည်သူလူထုရဲ့ အပ်နှံငွေတွေ နစ်နာဆုံးရှုံးမှုမရှိစေဖို့ စနစ်တကျ စီမံခန့်ခွဲနေတယ်လို့ ဆိုပါတယ်။

ခရိုင်အဆင့်ရှိတဲ့ ကောလင်းမြို့ကို  နိုဝင်ဘာ ၆ ရက်မှာ အမှတ် (၁) စစ်ဒေသ၊ ကောလင်း ခရိုင်ကွပ်ကဲမှု အစီအစဉ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး ၄ ရက်ကြာတိုက်ပွဲမှာ ကောလင်း ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့မှာ အခြေချထားတဲ့ စစ်ကောင်စီတပ်သားတွေကို အဆင့်ဆင့် တိုက်ခိုက် သိမ်းယူခဲ့ရတာဖြစ်ပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း နှစ်ဖက် ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပေမဲ့ လက်ရှိအချိန် အထိ NUG ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

နိုဝင်ဘာ ၈ ရက်မှာ ကောလင်းခရိုင်အရေးပေါ် အုပ်ချုပ်ရေး ဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို NUG အစိုးရ၊ ကြားကာလဒေသန္တရ အုပ်ချုပ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဖွဲ့စည်း တာဝန်ပေးအပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013