Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း အရပ်သားများ ထိခိုက်သေဆုံး၊ စစ်ဘေးရှောင်၊ ကုန်ဈေးနှုန်းတက်
DVB
·
November 14, 2023
Maung Taw Admi office_14112023
Taung Pyo Lat Wel Border Police_14112023
Min Byar bullet victims_14112023
Myauk U_14112023
Maung Taw, ThinbawHla village_14112023

ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်ကစပြီး ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်ကောင်စီတပ်တွေ တကျော့ပြန်စစ်ပွဲ ပြန်ဖြစ်ပွားနေပြီး  ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တောစတဲ့မြို့နယ်တွေမှာ  ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ ကုန်ဈေးနှုန်းမြင့်တက်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

ရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်မှာ မနေ့ည ၁၁ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်စထိမှန်ပြီး အသက် ၄၅ နှစ်အရွယ် ဒေါ်စိုးသန္ဒာရဲ့ လက်မောင်းမှာ ဒဏ်ရာရရှိခဲ့တယ်လို့ ရသေ့တောင်မြို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ပစ်ခတ်နေပြီး ရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်၊ အရှေ့မြောက်ရပ်ကွက်နဲ့ ပြားချောင်းကြီးကျေးရွာတွေမှာ ၁၂၀ မမ လက်နက်ကြီး ကျည် ၁ လုံးစီ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

မင်းပြားမြို့နယ်မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်က အသက် ၇၀ အရွယ် ဒေါ်ရွှေနု၊ အသက် ၆၉ နှစ်အရွယ် ဒေါ်ဆူးနူး၊ အသက် ၁၃ နှစ်အရွယ် မဝင်းလှိုင်နဲ့ ဗူပင်ကျေးရွာက အသက် ၄၅ နှစ်အရွယ် ဒေါ်အေးခိုင်နုတို့မှာ ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးဝါးကုသမှု ခံယူနေရတယ်လို့ မင်းပြားမြို့ခံက ပြောပါတယ်။

မင်းပြားမြို့နယ်၊ ဖေသာပြင်ကျေးရွာမှာလည်း မနေ့မနက် ၈ နာရီကျော်လောက်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၅၄ နှစ်အရွယ် ဦးကျော်သိန်းဖြူကို လက်နက်ကြီးကျည် ထိမှန်ပြီး အပြင်းထန် ဒဏ်ရာရရှိခဲ့ကာ ဆေးဝါးကုသမှု ခံယူနေစဥ် သေဆုံးသွားပါတယ်။

မြောက်ဦးမြို့နယ်မှာလည်း ပေါက်တောပြင်ရွာကို သွားတဲ့ ကားသမားတွေနဲ့ ခရီးသည်တွေကို စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသား ၂ ယောက်သေဆုံးကာ ဒဏ်ရာရရှိသူတချို့ရှိတယ်လို့ မြောက်ဦးဒေသခံက ဆိုပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာကိုလည်း ကန်စောက်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ သက်ကြီး ဘိုးဘွား နှစ်ယောက်သေဆုံးခဲ့ကာ တယောက်အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ အပေါက်ဝရွာသားတဦးက ပြောပါတယ်။

သေဆုံးသွားသူတွေကတော့ အပေါက်ဝရွာ ချောင်းဝရပ်ကွက်က အသက် ၇၂ နှစ်အရွယ် ဦးအောင်ကျော်စိုးနဲ့ ချောင်းဖျားရပ်ကွက်က အသက် ၆၃ နှစ်အရွယ် ဒေါ်မသန်းကျော့တို့ ဖြစ်ပြီး ခြေထောက်တဖက် ပြတ်ပြီး အပြင်းထန်ဒဏ်ရာရသူကတော့ ဒေါ်ချောင်းနားစိန် ဖြစ်ကာ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

မောင်တော-အငူမော်ကားလမ်းရှိ ချိန်ခါလီကျေးရွာနဲ့ ဒုံးပိုက်ကျေးရွာ နယ်ခြားစောင့်စခန်း ၂ ခုကို ရက္ခိုင့်တပ်တော် (အေအေ)က မနေ့မနက်က စတင်ဝင်တိုက်ခဲ့ရာမှာ ဒီနေ့မနက်မှာတော့ ရသေ့တောင်အခြေစိုက် ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA)က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ထုတ်ပြန်ပါတယ်။ မနေ့ကလည်း ကျောက်တော်မြို့နယ်ရှိ အပေါက်ဝရဲစခန်းတစ်ခုလုံး အေအေထံ  လက်နက်ချခဲ့ပါတယ်။

ချိန်ခါလီကျေးရွာမှ ရွာလူကြီးတစ်ဦးက"ဦးလေးရွာမှာ (နိုဝင်ဘာ ၁၃ ရက် ) မနက် ၅ နာရီကတည်းက တိုက်ပွဲစဖြစ်တာ ညနေအထိ အပစ်အခတ် မရပ်သေးဘူး။ ပင်လယ်ပြင်က စစ်သင်္ဘောနဲ့ အမြောက်တွေနဲ့ ပစ်နေတယ်။ ရွာသူရွာသားတွေ မေယုတောင်ကြောပေါ် တက်ပြေးနေရတာ။ ဦးလေးလည်း အခုတောင်ကြောပေါ်က ပြောနေရတာ။ ထွက်ပြေးနေကြရတာ။ အသက်လွတ်ဖို့ ပြေးနေကြရတာ။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကအစ မနက်ကတည်းက ထမင်းမစားရသေးဘူး။ ဦးလေးတို့ ပင်လယ်ပြင်က စစ်သင်္ဘောတွေကို မြင်နေရတယ်” လို့ ပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းမှာလည်း သင်္ဘောလှကျေးရွာမှာ အထိုင်ချထားတဲ့ နယ်ခြားစောင့်တပ်တွေကို  မနေ့ မွန်းလွဲ ၁ နာရီကျော်မှာ တောင်ပြိုလက်ဝဲသို့ဆုတ်ခွါစဥ် အေအေက ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပတ်ခတ်မှုကြောင့် သင်္ဘောလှကျေးရွာနေ အသက်  ၇ နှစ် ကလေးငယ်တယောက်  ခြေထောက် ထိမှန်သွားပါတယ်။

မျက်မြင်ဒေသခံတဦးက "သင်္ဘောလှကျေးရွာမှာ အထိုင်ချထားတဲ့ နယ်ခြားစောင့်တပ်နဲ့ စစ်တပ်တို့ နေ့လယ် ၁ နာရီကျော်မှာ တောင်ပြိုလက်ဝဲကို ဆုတ်ခွာတာ။ အဲဒီမှာ အေအေက ကြားက ဖြတ်တိုက်တော့ စစ်တပ်က သင်္ဘောလှရွာကို လက်နက်ကြီး ပစ်တာ။ အဲဒီမှာ ကလေးတစ်ဦးခြေထောက်ထိမှန်သွားတယ်”လို့ ပြောပါတယ်။

မောင်တောမြောက်ပိုင်းလမ်းတွေ အားလုံးပိတ်ထားတာကြောင့်  ဒဏ်ရာရတဲ့ ကလေးငယ်ကို မောင်တောမြို့နဲ့ ကြိမ်ချောင်းတိုက်နယ်ဆေးရုံကို မပို့ဆောင်နိုင်ဘဲ နံသာတောင်ကျေးရွာရှိ ကျေးလက်ဆေးပေးခန်းသို့ ယူဆောင်သွားနေကြောင်း မိသားစုဝင်ထံက သိရပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ကျေးရွာနယ်ခြားစောင့်စခန်းကိုလည်း အေအေက မနေ့ နေ့လယ်က  ဝင်ရောက်ခဲ့ကြောင်း မီးတိုက်ကျေးရွာ ဒေသခံက ပြောပါတယ်။

"မီးတိုက်ကို တိုက်တော့ သင်္ဘောလှမှာအခြေချနေတဲ့ စစ်တပ်နဲ့ နယ်ခြားစောင်တပ်တွေက တောင်ပြိုကို ဆုတ်ခွါတာဗျ။ ဆုတ်ခွါတဲ့အချိန်မှာ အေအေက ကြားဖြတ်ဝင်တိုက်တော့ လက်နက်ကြီး ပစ်ကူပေးရတာ။"

အေအေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မောင်တောမြို့နယ် ရွှေရင်အေးကျေးရွာက နယ်ခြားစောင့်စခန်းပါ နောက်ဆုတ်သွားခဲ့ရတယ်လို့  မျက်မြင်ဒေသခံတွေထံက သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က စစ်ကောင်စီတပ်နဲ့  အေအေတို့ အပစ်ရပ်ပြီးနောက်ပိုင်း တစ်နှစ်မပြည့်မီ ၁၃ ရက်အလို ရခိုင်ပြည်နယ်အနှံ့ အေအေ ထိုးစစ်ဖွင့်ပြီး တိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားတဲ့ မြို့နယ်တွေမှာ  ဒေသခံရွာသားတွေဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

ဒုံးပိုက်ကျေးရွာသားတဦးက " မနက် ၅ နာရီလောက်မှာ သေနတ်သံတွေ ထွက်လာတယ်။ နှစ်ဖက် ပစ်ခတ်နေကြတော့ ကျနော်တို့လည်း ဘာမှ မယူနိုင်ခဲ့ကြဘူး။ မိသားစုနဲ့ ဒီအတိုင်းထွက်ပြေးလာခဲ့ရတာ။ ရွာသားတွေကတော့ ဆင်ပိုက်နဲ့ အောင်ဗလကျေးရွာတွေကို ထွက်ပြေးလာခဲ့ကြရတာ။ ဒုံးပိုက်စခန်းကိုတော့ သိမ်းလိုက်တယ်လို့ သိရတယ်” လို့ ဆိုပါတယ်။

မင်းပြားမြို့နယ် ဖားပြို (အောက်)ရွာအနီး ပြည်ထောင်စု  ကားလမ်းမကြီးပေါ်  သွားလာနေနဲ့ စစ်ကောင်စီယာဉ်တန်းကို အေအေတပ်ဖွဲ့က လိုက်လံတိုက်ခိုက်ရာမှာ စစ်ကားနှစ်စီး မီးလောင်သွားကာ တပ်ဖွဲ့ဝင်တချို့ အဖမ်းခံခဲ့ရသလို မြောက်ဦးမြို့မှာလည်း သေနတ်ပစ်ခတ်မှု ဖြစ်ပြီး သေဆုံးထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

ရခိုင်စစ်ရေးလေ့လာသူတစ်ဦးက "ဆွေမျိုးတွေ ​မေးကြည့်တော့ စခန်း နှစ်ခုကို ဝင်တိုက်တဲ့အချိန်မှာ ဒုံးပိုက်စခန်းကို သိမ်းပိုက်နိုင်တယ်လို့တော့ သိရတယ်။ နောက် မင်းပြားဘက်မှာလည်း ယာဥ်တန်းကိုတိုက်ခိုက်ပြီး စကစ အရာရှိ နှစ်ဦး ဖမ်းဆီးရမိတယ်။ နောက်ထပ် စစ်ရေးပဋိပက္ခဖြစ်လာနိုင်မလား ဆိုတာကတော့ ကြိုမပြောနိုင်ဘူး။ ဒါပေမဲ့ နိုင်ငံရေးနဲ့ စစ်ရေးမှာ အမြဲတမ်းရန်သူ အမြဲတမ်းမိတ်ဆွေ မရှိဘူး။ စစ်ပွဲက အချိန်တိုနဲ့ ရပ်သွားမလား။ ရှေ့ဆက်ပြီး ဖြစ်မလား။ ရေရှည်ဖြစ်လာရင် ရခိုင်လူထုအတွက် စားဝတ်နေရေးအတွက် ဘာဖြစ်လာမလဲ ဆိုတာကို တိုက်ပွဲတွေကို ပုံဖော်တဲ့သူတွေကပဲ စဥ်းစားသင့်တယ်လို့ မြင်မိတယ်”လို့ ပြောပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားတဲ့နေ့ကတည်းက စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးရဲ့ ကုန်းလမ်း၊ ရေလမ်း အားလုံးကို ပိတ်ဆို့ထားလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားကာ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ရသေ့တောင်စတဲ့ မြို့နယ်တွေမှာ ကုန်စျေးနှုန်း အဆမတန်မြင့်တက်နေပါတယ်။

ဒါ့အပြင် စာသင်ကျောင်းတွေလည်း ပိတ်ထားရကာ စစ်တွေမြို့မှာ ညမထွက်အမိန့် ထုတ်ပြန်ထားလို့  ရခိုင်ဒေသခံပြည်သူတွေ အခက်ကြုံနေကြပါတယ်။

ရခိုင်တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ရခိုင်ဘက်မှာ ရဲကင်းစခန်းငယ်တစ်ခု ဝင်ရောက်စီးနင်းတိုက်ခိုက်တာရှိလို့ ကြည်းတပ်နဲ့ ရေတပ် ပူးပေါင်းစစ်ဆင်ပြီး ချေမှုန်းနေတယ်လို့  ပြောထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024