DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဘယာကြော် ယတြာအစား ပြည်သူ့ဘက်ခိုလှုံမှ ဘေးဘယာကျော်နိုင်မယ်
DVB
·
November 14, 2023
ဘယာကြော် ယတြာအစား ပြည်သူ့ဘက်ခိုလှုံမှ ဘေးဘယာကျော်နိုင်မယ်
Donate to DVB

မြန်မာနိုင်ငံနဲ့ ပြည်သူအပေါ် ရာစုနှစ်တဝက်ကျော် ဗိုလ်ကျစိုးမိုးလာတဲ့ စစ်အာဏာရှင် အခွင့်ထူးခံစနစ်ဟာ ဒီကနေ့အချိန်မှာ မီးစာကုန်ဆီခန်းလို့ သက်တမ်းကုန်လုနီးပါးအခြေကို ဆိုက်ရောက်နေပါပြီ။ အရင်က စစ်ယူနီဖောင်း တကားကားနဲ့ ခေါင်းမော့ ရှိုးထုတ်နိုင်ခဲ့ပေမဲ့ အခုတော့ မိဘပြည်သူတွေရဲ့ မုန်းတီး‌စွန့်ပစ်ခြင်း ခံရပြီမို့ ပွဲလယ်မတင့်တော့တဲ့အပြင် လူထုရဲ့ ခုခံတန်ပြန်စစ် ကြီးမားပြင်းထန်လာတာမို့ အသက်ဘဝ မလုံခြုံတော့ဘဲ အချိန်မရွေး လူ့လောကထဲကနေ ထွက်ခွာကြရမယ့်အခြေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒါကို သက်သေပြနေတဲ့ အချက်ကတော့ သမ္မတရူး မင်းအောင်လှိုင် သူ့အာဏာကိုကာကွယ်ဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ ရန်ကုန်နဲ့ မန္တလေးမြို့များမှာ တည်ထားတဲ့ မုဆိုးမအိမ်ရာ တိုက်တန်းတွေက‌ ထောင်နဲ့ချီတဲ့ ရှိသမျှ အခန်းအားလုံးမှာ အသက်ဆုံးပါးကုန်တဲ့ စစ်ဗိုလ် စစ်သား ဇနီးသားမယားတွေနဲ့ လက်ပြတ်ခြေပြတ် ဒုက္ခိတ စစ်သားတွေနဲ့ ပြည့်နှက်ကုန်တဲ့ အချက်ပါပဲ။ အဲ့ဒါအပြင် အခန်းရဖို့ တန်းစီစောင့်နေတဲ့ မုဆိုးမပေါင်းထောင်ချီ သောင်းချီ ရှိနေရုံမက အသက်ဆုံးခဲ့ရတဲ့ စစ်သားအဆင့် အများစုနဲ့ ရဲတပ်သား မိသားစုတွေဆိုတာ မုဆိုးမအိမ်ရာ တိုက်တန်းတွေနား မကပ်နိုင်ပါဘူး။

လက်ရှိအချိန်မှာဆို အာဏာရှင်သစ္စာခံ အကြမ်းဖက်ဓားပြတပ်မှာ မုဆိုးမဦးရေဟာ နေ့စဥ်ရက်ဆက် တိုးသထက် တိုးပွားလာနေပါပြီ။ အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ပူးပေါင်းပြီး “၁၀၂၇ စစ်ဆင်ရေး” ကို အောက်တိုဘာ ၂၇ ရက်ကစလို့ ဖော်ဆောင်လာခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း စတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းမှာရှိ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်နက်တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲ‌တွေ ဖော်ဆောင်တာမို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ဓားပြတပ်ဟာ အရှုံးကြီးရှုံးရင်း အထိအကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတာမို့ စစ်တပ်တွင်းမှာ မုဆိုးမအရေအတွက် တဟုန်ထိုး တက်လာနေပါတယ်။

ဒါကြောင့်မို့လို့လည်း တပ်ပျက်စစ်ဓားပြဗိုလ် ခေါင်းဆောင် မင်းအောင်လှိုင် အမိန့်နဲ့ တနိုင်ငံလုံးမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ ကိုးနဝင်း ယတြာအဖြစ် နိုဝင်ဘာလ ၈ ရက်ကနေ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ မဟာသမယသုတ်နဲ့ ပရိတ်ကြီး ၁၁ သုတ် ရွတ်ဖတ်ဖို့ မရွတ်ဖတ်ခင်မှာ ကျောက်ကျော ၃ တုံး၊ ဘယာကြော် ၃ ခုနဲ့ မုန့်လုံးရေပေါ် ၃ လုံးစီပါတဲ့ ပန်းကန်ပြား ၁၀၈ ချပ်ကို နံနက် ၉ နာရီမတိုင်ခင် ကပ်လှူခြင်းတွေကို လုပ်ဆောင်ကြဖို့ တန်ခိုးကြီးဘုရားတွေနဲ့ ဘုန်းကြီးတွေကိုပါ လိုက်လံကပ်လှူဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒီအချက်က ဘာကိုညွှန်ပြနေတာလဲဆိုတော့ အကြမ်းဖက်စစ်အုပ်စုဟာ စိတ်ဓာတ်၊ အတွေးအခေါ်၊ အသိတရား အလွန်အမင်း နိမ့်ကျ ကျန်ရစ်နေတာနဲ့ ဗုဒ္ဓရှင်တော်မြတ် အဆုံးအမဖြစ်တဲ့ ကံနှင့် ကံ၏အကျိုးကို မယုံကြည်မှုကို အထင်အရှား ညွှန်ပြနေတာပဲ ဖြစ်ပါတယ်။

မိဘပြည်သူအပေါ်  စိမ်ပြေနပြေ သူတို့ကျူးလွန်ခဲ့ကြတဲ့ စစ်ရာဇဝတ်မှုတွေရဲ့ အကုသိုလ်ကံ အကျိုးပေးချိန် တန်လာတာကို ပရိတ်ရွတ်၊ ယတြာချေရင် လွတ်လိမ့်မယ်လို့ မျက်ကန်းယုံကြည်တာဖြစ်စေ၊ ရေနစ်သူတယောက်က ကောက်ရိုးမျှင်တမျှင် လှမ်းဆွဲသလိုမျိုး ဖြစ်စေ၊ စစ်ဓားပြခေါင်းဆောင်အမိန့်မို့ လိုက်လုပ်ရတာဖြစ်စေ၊ ဘယ်လိုပဲဖြစ်ဖြစ် အသိဉာဏ် မဦးစီးတဲ့ လုပ်ရပ်သာလျှင် ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ဓမ္မပဒ ၁-ယမကဝဂ် ၁-စက္ခုပါလတ္ထေရဝတ္ထုထဲမှာ နာမ်ခန္ဓာ (လေးပါး) တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏။ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။ စိတ်ဖြင့်ပြီးကုန်၏။ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို (ပြောဆို ပြုလုပ် ကြံစည်မှု) ကြောင့် လှည်းဘီးသည် ဝန်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏ လို့ ဆိုတာပါ။ အကုသိုလ်အပြစ်တွေ ကျူးလွန်ပြီး ပရိတ်ရွတ်ရင်၊ ယတြာချေရင် အပြစ်တွေက လွတ်မြောက်နိုင်မယ်လို့ တလုံးတပါဒမှ မပါဝင်ပါဘူး။

ဘယ်သူမဆို ကိုယ်ပြုသမျှ ကာယကံ၊ ဝစီကံ၊ မနောကံ အလုပ် ၃ ပါး ကံအားလုံး မကောင်းမှု အကုသိုလ်အားလုံးရဲ့ အကျိုးဆက်တွေက မလွတ်မြောက်နိုင်ပါဘူး။ တနည်းမဟုတ်တနည်းနဲ့ တာဝန်ယူ တာဝန်ခံကြရမှာ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် အပါအဝင် အရင့်အမာ ရဟန္တာတွေလည်း နုစဉ်ဘဝမှာ သူများအပေါ် ကျူးလွန်ခဲ့ကြတဲ့ သူတို့ရဲ့ အကုသိုလ်ကံ ဝဋ်ကြွေးကို နိဗ္ဗာန်ပြုမယ့် နောက်ဆုံးဘဝတိုင် ပြန်လည်ပေးဆပ်ကြရပါတယ်။ ဒါကြောင့်လည်း ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုတဲ့  မြန်မာဆိုရိုးစကား ရှိတာဖြစ်ပါတယ်။

ကိုယ်တိုင် ကောင်းတာတွေလိုချင်၊ စိတ်ချမ်းသာချင်ရင်၊ မကောင်းတာတွေ မကြုံချင်ရင် သူတပါးအပေါ် မကောင်းတာ မလုပ်ခြင်းကသာလျှင် တခုတည်းသောအဖြေ ဖြစ်ပါတယ်။ ဒါကို အနှစ်ချုပ် ရေးပြရမယ်ဆိုရင် မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူစင်အောင်ထား ဆိုတာပါပဲ။

ဒါကြောင့် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေအရပ်ရပ် ညွှန်ပြချက်အရ အဘက်ဘက်မှာ အရေးနိမ့်လာတာကြောင့် သွေးပျက်ချောက်ချားလာတဲ့ စစ်အခွင့်ထူးခံ အသိုင်းအဝိုင်းထဲက စစ်ဗိုလ်စစ်သား၊ ရဲမေ ဗိုလ်ကတော်တွေ၊ ရဲမှူး ရဲတပ်သားတွေ၊ ပျူစောထီးတွေ၊ ကြံ့ဖွံ့ မဘသတွေကို အလေးအနက် အကြံပြုလိုတာက ခေတ်ကုန်ပြီး ချုပ်ငြိမ်းတော့မယ့် စစ်အာဏာရှင်စနစ်ကို ဆက်ဖက်တွယ်ပြီး မဟာသမယသုတ်ပဲ ရွတ်ရွတ်၊ ပရိတ်ကြီး ၁၁ သုတ်ဘဲ ရွတ်ရွတ်၊ ကျောက်ကျော၊ မုန့်လုံးရေပေါ်၊ ဘယာကြော် ကိုးနဝင်းယတြာနဲ့ ဘယ်လိုချေချေ ဘေးဘယာတွေကနေ ဝေးကွာလွတ်မြောက်မှာ မဟုတ်ပါဘူး။

တိုက်တိုင်းရှုံးနေတဲ့ စစ်ဓားပြတပ်မှာ ဆက်နေကြမယ်၊ ဆက်ထောက်ခံနေကြမယ်ဆိုရင် ပြည်သူအပေါ် ကျူးလွန်ခဲ့ကြတဲ့ မဟာအကုသိုလ် အကျိုးဆက်ကြီးတွေ တန်းစီလို့ အုပ်ဖွဲ့ပြီး တခဲနက် လာနေကြပြီဖြစ်ပါတယ်။ အမှန်တကယ် ကိုယ့်အသက်ကို တန်ဖိုးထားတယ်၊ ကိုယ့်မိသားစု အသက်နဲ့ဘဝကို ကယ်တင်ချင်သေးတယ်၊ ဘေးဘယာတွေ ကျော်ချင်တယ်ဆိုရင် အချိန်မနှောင်းခင် ခွင့်မလွှတ်နိုင်တဲ့အမှားတွေ အများအပြားကျူးလွန်ပြီး နိုင်ငံကို ဖျက်ဆီးနေဆဲဖြစ်တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေဘက် သေနတ်ပြောင်းလှည့်လို့ မိဘပြည်သူဘက် ရဲရဲရင့်ရင့် ခိုလှုံကူးပြောင်းခြင်းသည်သာ တခုတည်းသော ရွေးချယ်စရာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013