
ဒေသတွင်း ပဋိပက္ခတွေ မြင့်တက်လာနေချိန်မှာ တူရကီအစိုးရက အစ္စတန်ဘူလ်မြို့တော်မှာရှိတဲ့ ကာကွယ်ရေးစက်မှုပြပွဲမှာ ကမ္ဘာ့တိုက်ကြီးတွေကို ကျော်ပြီး ပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ပုံစံငယ်ကို မေ ၆ ရက်မှာ ပြသခဲ့ပါတယ်။
ဒီဒုံးကျည်ဟာ ကီလိုမီတာ ၆,၀၀၀ အဝေးအထိ ပစ်ခတ်နိုင်ပြီး ကီလိုဂရမ် ၃,၀၀၀ အလေးချိန်ရှိတဲ့ ထိပ်ဖူးကို သယ်ဆောင်နိုင်မယ်လို့လည်း ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ပထမဆုံးဒုံးကျည်ကို ဘယ်အချိန်က ထုတ်လုပ်တယ် ဒါမှမဟုတ် ပထမဆုံးစမ်းသပ်မှုကို ဘယ်အချိန်မှာ လုပ်မယ်ဆိုတဲ့ အသေးစိတ်အချက်အလက် တွေကို မကြေညာပါဘူး။
ဒရုန်းထုတ်လုပ်သူ ဘေကာက ကုန်ကျစရိတ်သက်သာတဲ့ ကာမိကာဇေ ဒရုန်းအသစ် ၃ စင်းကို မေလ ၅ ရက်မှာ သီးခြားစီ ပြသခဲ့ပြီး လေကြောင်းကာကွယ်ရေးစနစ်တွေကို ကျော်လွှားဖို့ များပြားတဲ့ ထိုးစစ်ဆင်မှုတွေကို အတူတကွ လုပ်ဆောင်သွားမယ်လို့ ဥက္ကဋ္ဌ ဆဲလ်ကွတ် ဘိုင်ရက်တာက ပြောပါတယ်။
အာဆယ်ဆန် ကုမ္ပဏီ CEO အာမက် အာကျိုလ်က သူ့ကာကွယ်ရေးကုမ္ပဏီဟာ တူရကီရဲ့ Steel Dome လေကြောင်းကာကွယ်ရေးစနစ်ရဲ့ အစိတ်အပိုင်း ၁၅၀ ကို အခုနှစ်မှာ စစ်တပ်ဆီ ပေးပို့မယ်လို့ ပြောပါတယ်။
မနှစ်က အစိတ်အပိုင်း ၁၀၀ ကနေ မြင့်တက်လာတာဖြစ်ပြီး သူ့စာရင်းထဲမှာ အသစ်တွေကိုလည်း ထည့်သွင်းသွားမယ်လို့ သူက ဆက်ပြောပါတယ်။
ကုမ္ပဏီဟာ ပြပွဲမှာ ကာမိကာဇေ မောင်းသူမဲ့ မျက်နှာပြင်ယာဉ် တစင်းနဲ့ ကာမိကာဇေ မောင်းသူမဲ့ ရေအောက်သွား ယာဉ်တစင်းကိုလည်း ပြသခဲ့ပါတယ်။
Source:Reuters










