
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နိုဝင်ဘာ ၁၃ ရက် ညနေက ပြည်သူ ၁၀ ယောက်လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဖမ်းခံရတဲ့ထဲမှာ သုံးဆောင်ရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်စိန်မောင်နဲ့ ဆတ်ရိုးကျရပ်ကွက်က ကိုကျော်တင်အေးတို့ ပါဝင်ပြီး ကျန်တဲ့သူတွေရဲ့ အမည်တွေကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားနဲ့ ရဲအင်အား ၄၀ လောက်ပေါင်းပြီး ကား ၄ စီးလောက်နဲ့ လာဖမ်းတာဖြစ်ပြီး မျက်နှာတွေကိုတော့ နှာခေါင်းစည်းတွေနဲ့အုပ်ထားကြတယ်လို့ ပြောပါတယ်။
စစ်တွေမြို့ပေါ်မှာ စစ်ကောင်စီက သံချပ်ကာကားတွေနဲ့ လှည့်လည် ခြိမ်းခြောက်နေပြီး စစ်ကောင်စီရဲ့ ခရိုင်ထွေအုပ်က ဒေသခံပြည်သူတွေကို ည ၉ နာရီနောက်ပိုင်း ညမထွက်ရအမိန့်ကို ရက်အကန့်သတ်မရှိ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။