DVB Logo
Home
မြန်မာသတင်း
စစ်တပ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၁၈၀ ကျော်လာ
DVB
·
November 13, 2023
စစ်တပ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၁၈၀ ကျော်လာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၄,၁၈၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၅,၄၀၂ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၆၇၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈,၀၄၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၂၀ ယောက်ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၅,၇၂၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီ မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတဝန်းမှာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဆင်နွှဲနေပြီး စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်ရာ ဒေသတွေကို တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ သာလွန်အင်အားသုံး တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိခဲ့တဲ့အပြင် သောင်းပေါင်းများစွာသော ပြည်သူတွေ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်ဒေသတွေမှာလည်း သူတို့ စစ်ကြောင်းထိုးရာတလျှောက် မီးရှို့ဖျက်ဆီးပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်၊ စီးနင်းဝင်ရောက်ပြီး ဒေသခံပြည်သူတွေကို လူသားဒိုင်းပြုလုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြတယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေမှာလည်း စစ်ရေးအရှိန်မြင့်လာမှုကြောင့် စစ်အုပ်စုက နိုဝင်ဘာ ၁၂ ရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ၈ ခုကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကြောင့် အာဏာသိမ်းပြီးနောက် စုစုပေါင်း မြို့နယ် ၅၄ ခုမှာ စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် ထုတ်ပြန်ခံထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် တနှစ်နီးပါးကြာ အပစ်အခတ်ရပ်နေခဲ့တဲ့ ရခိုင်ပြည်နယ်မှာလည်း နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက စတင်ကာ စစ်အုပ်စုနဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာကြောင့် ရခိုင်ပြည်သူတွေဟာ ဘေးလွတ်ရာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013